စစ်ကိုင်းတိုင်းဒေသကြီးအတွင်း
ချင်းအမျိုးသားတပ်ဦး (CNF) ၏ဆွေးနွေး လှုပ်ရှားမှုများကို မိမိအနေနှင့်
သိရှိခြင်း မရှိသလို ကန့်ကွက်ခြင်းလည်း မရှိကြောင်း အဆိုပါတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချင်းရေးရာဝန်ကြီး ဦးနိုထန်ကပ်က The Voice သို့ ပြောကြားသည်။
“သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော့်ဆီ အကြောင်းကြားတာလည်း မရှိသလို ကျွန်တော်ကလည်း မသိရှိပါဘူး။ ဒါကြောင့် ကန့်ကွက်တယ်ဆိုတာ သတင်းမှားပါ” ဟု ၎င်းက ငြင်းဆိုပြောကြားသည်။
ချင်းအမျိုးသားတပ်ဦး အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကလေး-တမူး-ကဘော်ဒေသများတွင် နေထိုင်သော ချင်းလူမျိုးများနှင့် တွေ့ဆုံဆွေးနွေးကာ လူထု တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် ဒေသခံ ချင်းဘာသာရေးအသင်းများ၊ မျိုးနွယ်စု ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်ကို အကြောင်းပြု၍ နိုင်ငံတော်သမ္မတထံ ကန့်ကွက်စာတင်ခဲ့ကြောင်း ချင်းမီဒီယာ အချို့တွင် ဖော်ပြထားသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်သက်ဆိုင်ရာ စရဖ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ SB ချင်းပြည်နယ် နယ်စပ်မြို့ ရိဒ်ခေါဒါရ် အဝင်ကတည်းက သတင်းပို့ထားတယ်။
ကလေးမြို့အဝင် ကိုးမိုင်ရဲစခန်းမှာလည်း သူတို့ကိုယ်တိုင် လာရောက်ကြိုဆိုတယ်။ အခု ပူးနိုထန်ကပ်လုပ်ရပ်က CNF နဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို နားမလည်တာဘဲ ဖြစ်ပါလိမ့်မယ်” ဟု ချင်းအမျိုးသားတပ်ဦးမှ အဓိပတိ ကောင်စီဝင် ဦးလာလ်းရမ်းလော်မာက ပြောကြားကြောင်း ခိုနုန်သုမ် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
ပြည်ထောင်စုအစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ ပထမအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် (၆) ချက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ထာဝရ တည်တံ့သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် CNF အနေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး တိုင်ပင်ခြင်းများ ပြုလုပ်ရန် သဘောတူသည်ဟု ပါရှိသည်။
“ချင်းမီဒီယာတွေအနေနဲ့ သတင်းစာပညာမှာ အားနည်းသေးတယ်လို့ ကျွန်တော် မြင်တယ်။ တချို့ဆို ဆိုရှယ်မီဒီယာ သဘောမျိုးနဲ့ ဝါဒဖြန့်ဖို့၊ သွေးထိုးလှုံ့ဆော်ဖို့ ဖန်တီးထားတာ ရှိတယ်။ ဦးနိုထန်ကပ်ဘက် ကလည်း ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလိုလုပ်လိမ့်မယ် မဟုတ်ပါဘူး” ဟု မြန်မာဘာသာဖြင့် ပထမဆုံး ထုတ်ဝေသော ချင်းဝေါလ်မီဒီယာမှ CEO ဦးဆလိုင်းမာန်က မှတ်ချက်ပေးသည်။
ချင်းအမျိုးသားတပ်ဦးအနေနှင့် ချင်းပြည်နယ်အတွင်း ချင်းအမျိုးသား ညီလာခံကို ယခုနှစ်မကုန်မီ ကျင်းပနိုင်ရန် ကြိုးပမ်းနေပြီး လူထုတွေ့ဆုံပွဲများကို ဧပြီလမှစတင်ကာ ချင်းပြည်နယ်အတွင်း ရှိမြို့နယ်များတွင် ပြုလုပ်နေကြောင်း ချင်းအမျိုးသားတပ်ဦးမှ အဓိပတိကောင်စီဝင် ဦးထန်းနိန်ကီးက ပြောကြားသည်။
မြတ် (ကလေး)
The Voice Weekly

No comments:
Post a Comment