Sunday, August 18, 2013

စစ်ကိုင်းမြို့ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ

Photo: စစ်ကိုင်းမြို့ လေးကျွန်းမာရ်အောင် စေတီတော်မြတ်ကြီး ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပ
Sunday, August 18, 2013

စစ်ကိုင်းမြို့ သောတာပန်ရပ်၌ အင်းဝခေတ်တနင်္ဂနွေမင်းက မြန်မာသက္ကရာဇ် ၁ဝ၈၆ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည့် လေးကျွန်းမာရ်အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ကျင်းပသည်။

မင်္ဂလာအခမ်းအနားသို့ စစ်ကိုင်းမြို့ ဇေယျာသိန် ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသနှင့် ပဋိပတ္တိ မဟာဌာနမှူး ဓမ္မဒူတဆရာတော် ပါမောက္ခဒေါက်တာ အရှင်ဆေကိန္ဒတို့ အမှူးပြုသော စစ်ကိုင်းမြို့မှ ဆရာတော် သံဃာတော် များကြွရောက်တော်မူကြပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး( ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်ကြည်၊ ဦးစိုးမောင်၊ ဦးလှထွန်း၊ ဦးဝင်းမြင့်နှင့် ဒေါက်တာဖေသက်ခင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် ဦးရဲမြင့်၊ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိ အရုဏ်တော် အသင်းများမှ အသင်းဝင်များ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
 
ရှေးဦးစွာစစ်ကိုင်းမြို့ ဇေယျာသိန်ပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော်ကြီးထံမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြပြီး နိုင်ငံတော်သမ္မတက စိန်ဖူးတော်၊ ဗုဒ္ဓစွယ်တော်ပွားနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ကြီးထံ ဆက်ကပ်သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များက ငှက်မြတ်နားတော်၊ ရတနာပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြ သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ထံမှ နိုင်ငံတော် သမ္မတ အမှူးပြုသော ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်ကြပြီး စေတီတော်အထွတ်သို့ တင်လှူပူဇော်ကြသည်။
ဆက်လက်၍ စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်သည်။

ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များက စေတီတော်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။၂ဝ၁၂ ခုနှစ် နိုဝင်ဘာ (၁၁)ရက်က လှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတီပုထိုးများပျက်စီးယိုယွင်းခဲ့သည်။ ထို့အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးအစိုးရနှင့် ပြည်သူများက ပျက်စီးယိုယွင်းသွားသော စေတီပုထိုးများကို အသစ်တဖန်ပြုပြင်ရန် စီမံဆောင်ရွက်ခဲ့သည်။ ဉာဏ်တော်အမြင့် (၁၂၂)ပေရှိ လေးကျွန်းမာရ်အောင်စေတီတော်မြတ်ကြီးသည်လည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည်။

ယခုအခါ ဓမ္မဒူတဆရာတော် ပါမောက္ခ ဒေါက်တာအရှင်ဆေကိန္ဒ အမှူးပြုသောအလှူရှင်များ၊ရပ်ကွက်နေပြည်သူများက စေတီတော်မြတ်ကြီးကို ပြန်လည်မွမ်းမံပြုပြင်ပြီးစီးခဲ့သဖြင့် ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် နေပြည်တော်မှ မန္တလေးမြို့သို့ ရောက်ရှိကြပြီး ညပိုင်းတွင် မဟာမုနိရုပ်ရှင်တော်မြတ်ကို သွားရောက်ဖူးမြော် ကြည်ညိုကာ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခဲ့သည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

No comments:

Post a Comment