Sunday, August 11, 2013

ပန်းချီ မြိတ်ဝင်းထိန် ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန် Sunday, August 11, 2013

ရုပ်ပြပန်းချီလောကတွင် နာမည်ကျော် ပန်းချီဆရာတစ်ဦးဖြစ်သော ပန်းချီ မြိတ်ဝင်းထိန်သည် သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဇာတိမြို့ဖြစ်သော ဖြူးမြို့တွင် ဦးနှောက်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း ၎င်း၏မယားညီအစ်ကိုဖြစ်သူ ကဗျာဆရာ ဦးစောဝေက ပြောကြားသည်။


ပန်းချီ မြိတ်ဝင်းထိန်သည် ဦးနှောက်ကင်ဆာရောဝါ ဝေဒနာကို လွန်ခဲ့သော ရှစ်လခန့်က စတင်ခံစားခဲ့ရပြီး ၎င်းကိုယ်တိုင် မည်သည့် ရောဂါဝေဒနာ ခံစားခဲ့ရသည်ကို သိမသွားကြောင်း၊ ယခုလ ၂ ရက်နေ့မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ SSC ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ပြီး ၇ ရက်နေ့တွင် ဆေးရုံဆင်းကာ ၎င်း၏အမျိုးသမီးဖြစ်သူ ဇာတိမြို့ဖြစ်သည့် ဖြူးမြို့သို့ ပြန်ခဲ့ကြောင်း၊ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်တွင် ဖြူးမြို့တွင် သင်္ဂြိုဟ်မည်ဖြစ်ပြီး ရက်လည်ဆွမ်းကျွေးကို မည်သည့်နေ့တွင် ပြုလုပ်မည်ကို အတိအကျ မသိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အခုလို ကိုယ်အားကျအတုယူရတဲ့ ပန်းချီဆရာတစ်ယောက် ဆုံးရှုံးသွားလို့ အနုပညာသမား တစ်ယောက်အနေနဲ့ စိတ်မကောင်းပါဘူး။ ပန်းချီလောကမှာ အစားထိုးမရတဲ့ ပန်းချီဆရာတစ်ယောက် ဆုံးရှုံးရတာပါ” ဟု ပန်းချီသန့်ဇော်သစ်က ဆိုသည်။

ပန်းချီမြိတ်ဝင်းထိန်သည် ရုပ်ပြပန်းချီများဖြင့် နာမည်ကျော်ကြား၍ ၎င်းရေးဆွဲသော ပန်းချီများမှာ မျက်လုံးနေရာများတွင် အသက်ဝင်နေသည်ဟု ခံစားမိကြောင်း၊ ၎င်းနှင့်ဆွေမျိုးဖြစ်နေ၍ ပိုပြီး စိတ်မကောင်းဖြစ်ကြောင်း ကဗျာဆရာ ဦးစောဝေက ပြောကြားသည်။

ပန်းချီ မြိတ်ဝင်းထိန်သည် ၁၉၇၃ ခုနှစ် ပထမနှစ်ကျောင်းသားဘဝမှ စတင်၍ ပန်းချီလောကသို့ ဝင်ရောက်ခဲ့ပြီး ပထမဆုံး ရုပ်ပြဖြစ်သော ‘မုဆိုးကြီး’ ရုပ်ပြကို ရေးဆွဲခဲ့ကာ ယင်းရုပ်ပြဖြင့် စတင်လူသိများ လာခဲ့သည်။ သူသည် ကွယ်လွန်သွားပြီ ဖြစ်သည့် ပန်းချီဆရာ များ ဖြစ်ကြသော ဦးသိန်းဟန်နှင့် ဦးသုခတို့အပြင် ဦးလွန်းကြွယ်စသည့် ပန်းချီဆရာများထံတွင် ပညာသင်ယူခဲ့ပြီး ၂၀၀၆၊ ၂၀၀၇ နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပန်းချီပြပွဲများ ပြုလုပ်ခဲ့ကာ သူ၏နောက်ဆုံး ပန်းချီပြပွဲကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် နဝဒေး ပန်းချီပြခန်းတွင် ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment