Friday, August 23, 2013

လေယာဉ်မတော်တဆမှု စက်ချို့ယွင်းချက်ကြောင့် မဟုတ်ဟုဆို

ရန်ကုန်၊ သြဂုတ်၂၁

ကော့သောင်းမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော မြန်မာ့လေကြောင်း ပိုင် MA-60 လေယာဉ်မတော်တဆမှုများကို စစ်ဆေးရာတွင် စက်ပစ္စည်း ချို့ယွင်းချက်ကြောင့် မဟုတ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြန်မာ့လေယာဉ် မတော်တဆ ထိခိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ခံ ဦးမျိုးညွန့်က ပြောကြားသည်။

လတ်တလောတွင် စက်ပစ္စည်း ချို့ယွင်းချက်များကို မတွေ့ရသော်လည်း ထပ်မံ၍ ဖြည့်စွက်စစ်ဆေးရမည် ဖြစ်သည့်အပြင် လေယာဉ်ထုတ်လုပ်သည့် Xian Aircraft Manufacture ကုမ္ပဏီက စက်ပစ္စည်းများကို အသေးစိတ်ပြန်လည် စစ်ဆေးနေပြီး တရုတ်ဘက်မှ ညွှန်ကြား ချက်ထွက်လာပါက လေယာဉ်မတော်တဆမှုကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုလက်ရှိတွင် ပျံသန်းမှု လုပ်ငန်းစဉ်ကို ထပ်မံစစ်ဆေးနေပြီး လေယာဉ်မှူးများကိုလည်း ထပ်မံစစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မေလ ၁၆ ရက်နေ့က မိုင်းဆတ်တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက်နေ့က ကော့သောင်းတွင် တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင် တရုတ်နိုင်ငံလုပ် MA-60 လေယာဉ်များ မတော်တဆမှုများ ဖြစ်ပွားခဲ့သည့် အတွက် ယင်းလေယာဉ် အမျိုးအစားများကို ပြေးဆွဲခွင့် ရပ်နားထားကြောင်း မြန်မာ့လေကြောင်းမှ စုံစမ်းသိရှိရသည်။

MA-60 လေယာဉ်မျာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Xian Aircraft Manufacture ကုမ္ပဏီက ထုတ်လုပ်ထားကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

No comments:

Post a Comment