ရှမ်းပြည်နယ်
အစ္စလာမ်ဘာသာရေးအဖွဲ့က ကြီးမှူးပြီး ဗုဒ္ဓဘာသာ ရဟန်းတော်များကို
အစ္စလာမ်ဘာသာဝင်တို့၏ ၀ါကျွတ် အီးဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သြဂုတ် ၁၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပထမဆုံးအကြိမ်အဖြစ် ဆွမ်းကပ်လှူဒါန်းခဲ့သည်။
“ကျွန်တော်တို့ မွတ်ဆလင်ဘာသာဝင်များရဲ့ ၀ါကျွတ်အီးစ်ဒ်ပွဲတော် အထိမ်းအမှတ်အဖြစ် သာသနာရေး ကောင်စီရယ်၊ မွတ်စလင်
အမျိုးသားရေးရာအဖွဲ့ရယ်၊ စုပေါင်းပြီးတော့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ ဘာသာဝင်အားလုံးဟာ ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ဦးတည်ပြီးတော့ ဆရာတော်တွေ၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းရခြင်းဖြစ်တယ်”ဟု ရှမ်းပြည်နယ် အိုလမာအဖွဲ့ အတွင်းရေးမှူး ဦးသန်းအောင်က မဇ္ဈိမကို ပြောသည်။
ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းကို တောင်ကြီးမြို့ မြို့မရပ်ရှိ သီတာအေးခန်းမတွင် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များကို အစ္စလာမ်ဘာသာဝင်များက ဆွမ်းကပ်ခြင်းမှာ တောင်ကြီးမြို့တွင် ပထမဦးဆုံးပြုလုပ်ခြင်းလည်း ဖြစ်သည်။
အစ္စလာမ်ဘာသာရေးအဖွဲ့မှ ကမကထပြုလုပ်ပြီး ကျင်းပသည့် ဆွမ်းဆပ်ကပ်ပွဲကို ကြွရောက်ချီးမြှင့်ပေးသည့်အတွက် သံဃာတော်များကို ကျေးဇူးတင်ရှိသည်ဟု ဦးသန်းအောင်က ဆိုသည်။ ဟိန္ဒူဘာသာဝင် တစ်ဦးဖြစ်သူ ဦးအောင်ဆန်း ကလည်း ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်တို့ အေးချမ်းစွာ နေထိုင်ရန် ဆန္ဒရှိသည်ဟုလည်း ဆိုသည်။
“အင်မတန် ၀မ်းသာပါတယ်။ အခုလို ရောနှောပြီးတော့ အေးချမ်းစွာ နေထိုင်သွားရင် ပဋိပက္ခတွေ မရှိနိုင်တော့ ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။
ဆွမ်းဆပ်ကပ် လှူဒါန်းသည်ကို တောင်ကြီးမြို့ပေါ်ရှိ သိမ်တောင်၊ ဘုရားကြီးအနောက် ဓာတ်တော်ကြို၊ မြို့ဦး၊ ဓမ္မသုခ၊ စူဠာမုနိ၊ ဇေတ၀န်၊ လောကမာန်အောင်၊ မင်းကျောင်းတိုက်တို့မှ မြို့နယ်သံဃာမဟာနာယက ဆရာတော်များ၊ ထေကြီးဝါကြီး ဆရာတော်များ ရဟန်းသံဃာတော်များ စုစုပေါင်း၂၈ပါး ကြွရောက် ကာ နေ့ဆွမ်း ဘုန်းပေးခဲ့ကြပြီး ဗုဒ္ဓအဆုံးအမ တရားတော်များ ချီးမြှင့်ပေးခဲ့ကြသည်။
“အခုလို ရဟန်း သံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ ဆွမ်းကပ် လှူဒါန်းတာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့ မြင်ကွင်းပါ။ ဗုဒ္ဓဘာသာဝင်
တစ်ယောက်အနေနဲ့ ပြောလိုတာကတော့ အားလုံးကို လူသားတွေလို့ပဲ မြင်ပါတယ်” ဟု ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူးက ဆိုသည်။
အဆိုပါ အခမ်းအနားသို့ ခရစ်ယာန်လူငယ်များအသင်း YMCA၊ ဟိန္ဒူဘာသာဝင်များ၊ မွတ်ဆလင်ဘာသာဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် အခြားဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ ၁၀၀ကျော် တက်ရောက်ခဲ့သည်။

No comments:
Post a Comment