သမီးရည်းစားစုံတွဲ ထော်လာဂျီတိုက်မိ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်
(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ လွိုင်မွေ-ကျိုင်းတုံသွား ကားလမ်းရှိ
မိုင်တိုင်အမှတ် (၄/၃) အနီးတွင် သြဂုတ်လ ၂၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က
ဆယ်ကျော်သက်အရွယ် သမီးရည်းစားစုံတွဲ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်ကို
ထော်လာဂျီယာဉ် တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးကာ တစ်ဦးဒဏ်ရာ
ရရှိသွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
ကျိုင်းတုံ - လွိုင်မွေသွားကားလမ်း မိုင်တိုင်အမှတ် ၄/၃ အနီး ယင်းနေ့ညနေ ၅
နာရီ ၃၀ မိနစ်ခန့်က ကျိုင်းတုံမြို့တွင်းသို့ ယာဉ်မောင်း စိုင်းဆောင်ခမ်း
၁၈ နှစ်မောင်းပြီး နောက်မှ မနန်းရှဲန်လာ ၁၅ နှစ် လိုက်ပါလာသည့် ယာဉ်အမှတ်
၂၁ယ/၆၇၅၄၈ Honda Dream အနက်ရောင် ဆိုင်ကယ်အား ၉ဌ/၂၄၉၀၇ အပြာရောင်
ထော်လာဂျီယာဉ်က ဟွန်းတီးကာ ကျော် တက်ကြောင်းနှင့် ယင်းဆိုင်ကယ်မှ
လမ်းဘေးသို့ ကပ်ပေးရန် ပြင်ဆင်နေစဉ် ထော်လာဂျီယာဉ်က ယင်းဆိုင်ကယ်၏
ဝဲဘက်လက်ကိုင်ကို ပွတ်တိုက်မိသဖြင့် ဆိုင်ကယ်တိမ်းမှောက် သွားရာ ထော်လာဂျီ
ယာဉ်မှာမောင်းနှင် ထွက်ပြေးသွားကြောင်း ယင်းမြို့နယ်
ရဲစခန်းမှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းယာဉ်မောင်းသည်
ထွက်ပြေးတိမ်းရှောင် သွားသော်လည်း သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင်
ဖမ်းဆီးရမိခဲ့ကြောင်း အထက်ပါ မှတ်တမ်းအရ သိရသည်။
“ဆိုင်ကယ်နဲ့ကား
တိုက်မိတယ်ဆိုပြီး ကားလမ်းပေါ်မှာ သွေးသံရဲရဲနဲ့ လဲကျနေတဲ့ ကောင်မလေးကို
ကောင်လေးကဖက်ပြီး ငိုနေတယ်။ ပြီးတော့ မောင်းပြေးသွားတဲ့ ကားနောက်ကို
သွေးအလူးလူးနဲ့ ကောင်လေးက ဆိုင်ကယ်နဲ့ လိုက်ရှာတယ်” ဟု
မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။
အမှတ် (၆၄) ယာဉ်ထိန်း
တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်စောသန်းဦးက “ကောင်မလေးက
မေးရိုးနဲ့နှာခေါင်းရိုးတွေပါ ကျိုးကုန်ပြီး သွားတွေပါ ကျွတ်ထွက်ကုန်တယ်၊
ပါးစပ်တွေ၊ နားတွေ၊ နှာခေါင်းတွေကပါ သွေးတွေ ထွက်လာပြီး ပွဲချင်းပြီး
ဆုံးသွားတယ်။ ကောင်လေးကတော့ ဝဲဘက်လက်ပြင်မှာ ပေါက်ပြဲဒဏ်ရာရလို့
ဆေးရုံကြီးမှာ တင်ထားတယ်” ဟု The Voice သို့ ပြောဆိုသည်။
ဆိုင်ကယ်အား ပွတ်တိုက်မိပြီး လူ့အသက်သေဆုံးအောင် မဆင်မခြင်
မောင်းနှင်သည်ဟုဆိုကာ ထော်လာဂျီ ယာဉ်မောင်း ပိုင်ဦး ၂၁ နှစ်ကို ယာဉ်(ပ)
၂၉/၂၀၁၃ ပုဒ်မ ၃၀၄ (က) အရ အရေးယူထားကြောင်း ယင်းမြို့နယ်ရဲစခန်းထံမှ
သိရသည်။
No comments:
Post a Comment