Sunday, August 18, 2013

ဥပဒေနှင့်မညီသည့် လုပ်ပိုင်ခွင့်များ ခွင့်ပြုဟုဆိုကာ လွှတ်တော်အမတ် တစ်ကိုယ်တော်ဆန္ဒပြ



ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမည်ပေါက် မြေနေရာပေါ်တွင် လူနေအိမ်ခန်များ ပါဝင်သည့် ကွန်ဒိုမီနီယံ ဆောက်လုပ်ခြင်းကို စည်ပင်ကခွင့်ပြုခဲ့ခြင်းသည် ဥပဒေနှင့်မညီဟုဆိုကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးဖုန်းမြင့်အောင်က သြဂုတ်လ ၁၈ ရက် တစ်ကိုယ်တော် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်

ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြခဲ့ခြင်းဖြစ်ကာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမည်ပေါက် မြေဂရမ်ပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ကန့်ကွက်သည့် အနေဖြင့် ဆန္ဒပြခြင်းဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။



“အသင်းအမည်ပေါက်က အသင်းအမည်ပေါက်ပါပဲ။ ဒီလိုသာခွင့်ပြုမယ်ဆိုရင် သာသနာ့မြေပေါ် တည်းခိုခန်းတွေ ဖွင့်လို့ရသွားမယ်။ ဒီမြေနဲ့ပတ်သက်လို့ လွှတ်တော်ကနေတစ်ဆင့် မေးမြန်းပါတယ်။ သူက ဖြေ ပြီးပါပြီ။ သူ့အဖြေက
ရှေ့နောက်မညီညွတ်ဘူး။ စည်းမျဉ်းဥပဒေနဲ့ မညီညွတ်တဲ့အတွက် ဒါကို သက်သေအထင်အရှား ပြတဲ့သဘောမျိုးနဲ့ သတင်းစကားပါးတဲ့အနေနဲ့ ဆန္ဒပြတာပါ”ဟု ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအမည်ပေါက် မြေနေရာသည် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့် သစ္စာလမ်းထောင့်ရှိ မြေကွက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက ကြံ့ခိုင်ရေး အမည်ပေါက် ဖြစ်ခဲ့ကာ ယခင်က အဆိုပါမြေနေရာသည် ရပ်ကွက်အားကစားကွင်း ဖြစ်သည်။

ထိုနေရာကို ကြံ့ခိုင်ရေးအသင်းက အသုံးပြုနေရာမှ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ မတိုင်မီတွင် အသင်း ဆိုင်းဘုတ်ဖြုတ်၍ နိုင်ငံရေးပါတီဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်ခဲ့ကာ ယခုချိန်တွင် အားလုံး ရှင်းလင်းပြီး ကွန်ဒိုမီနီယံ ဆောက်လုပ်နေပြီဖြစ်သည်။

အသင်းပိုင်မြေနေရာကို နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့သည့်အတွက် ဆက်လက် သုံးစွဲခွင့်မရှိသည့်အပြင်၊ ကွန်ဒိုမီနီယံ ဆောက်လုပ်ရန် ခွင့်ပြုခြင်းသည် စည်ပင်၏ မှားယွင်းမှုဟုလည်း ဦးဖုန်းမြင့်အောင်က ပြောသည်။

“အသင်းကနေ ပါတီဆက်ခံလို့မရဘူး။ မြို့တော်ဝန်ကို မေးတော့ မြို့တော်ဝန်က ဖြေပါတယ်။ အသင်းအမည်ပေါက် မြေဂရမ်ကို နိုင်ငံရေးပါတီနဲ့ ကွန်ဒိုမီနီယံဆောက်ဖို့ ခွင့်ပြုထားတယ်ဆိုတော့မှ ကျွန်တော်က ကန့်ကွက်တာပါ။ သူကမှားသွားပါပြီပေါ့။ သူမှားသွားတဲ့အချက်ကို တိုင်းသိပြည်သိဖြစ်အောင် ထောက်ပြတာပါ”ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် တရားဝင်စာတင်ပြီး ခွင့်ပြုမိန့်ရသည့်အတွက် ဆန္ဒပြခြင်းဖြစ်ကာ တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ခြင်းဖြစ်သော်လည်း တောင်ဥက္ကလာ ရပ်ကွက်မှ ပြည်သူများလည်း ပါလာခဲ့သည်။

“ပြည်သူတွေပိုင်တဲ့ ပန်းခြံကို ပြည်သူတွေအတွက် တခြားနေရာမှာ ပြန်ပေးမယ်ဆိုရင် ပြည်သူတွေက ကျေနပ်မှာပါ။ အားကစားကွင်းကနေ ပြည်ခိုင်ဖြိုးအသင်း၊ အသင်းကနေ ပါတီပိုင်တယ်။ ပါတီကနေ အခု ကွန်ဒိုဆောက်လိုက်တယ်။ အသင်းကနေ ပါတီကိုကူးတာ ကော်မရှင်ဥပဒေအရ ပိုင်ဆိုင်ခွင့်မရဘူး။ပါတီ ဖွင့်ရင် ဘာရန်ပုံငွေမှ မယူရဘူး။ အာဏာရပါတီတစ်ခုအနေနဲ့ အဲဒီလို အုပ်ချုပ်မှုကို ၀င်ပြီး ချယ်လှယ်နေတာကို မဖြစ်စေချင်ဘူး” ဟု တောင်ဥက္ကလာ ၅ ရပ်ကွက်မှ ပြည်သူတစ်ဦးဖြစ်သည့် ဦးထွန်းက ပြောသည်။

ပေ ၁၃၀-ပေ ၁၅၀ အကျယ်ရှိကာ ယင်းမြေကွက်ကို လွန်ခဲ့သော ၁၅ နှစ်ကတည်းက ကြံ့ခိုင်ရေးအသင်း က အဆိုပါ မြေနေရာကို မြို့တော်စည်ပင်ထံ လျှောက်ထားကာ ဂရမ်ရရှိထားသည်ဟု ရန်ကုန်တိုင်း ကြံ့ ခိုင်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောဆိုထားသည်။

“သူတို့ အမြင်မှားလို့ အခုလို လုပ်တာပါ။ တို့ဆီမှာ အထောက်အထား ဂရန်တွေက ရှိပြီးသားလေ။ အဲဒါကြောင့် ကုမ္ပဏီနဲ့ အကျိုးတူဆောက်တာပေါ့”ဟု မဇ္ဈိမနှင့် အင်တာဗျူးတစ်ခုတွင် ဆိုထားသည်။

မြေကွက်တွင် ရှစ်ထပ်တိုက်ဆောက်ရန်ရှိပြီး အခန်းစုစုပေါင်း ထက်ဝက်ကို ကြံ့ခိုင်ရေးပါတီက ရရှိမည်ဟုလည်း ဦးသာဝင်းက ဆိုသည်။ နိုင်ငံရေးပါတီတစ်ခုသည် မြေဂရမ်ပေါက်လျှောက်ထား၍ မရသော်လည်း ကြံ့ခိုင်ရေးအသင်း ၏ အမည်ပေါက်ဖြင့် ရထားသောမြေကို အသင်းက ပါတီထံ လှူခဲ့ခြင်းဖြစ်၍ ပါတီပိုင် မြေဖြစ်သည်ဟုလည်း ဦးသာဝင်းက ဖြေရှင်းချက်ထုတ် မဇ္ဈိမကို ပြောဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment