Sunday, January 26, 2014

မြန်မာ့လျှပ်စစ်နဲ့ ကျန်းမာရေးအတွက် ကမ္ဘာ့ဘဏ် ၂ ဘီလီယံ ထောက်ပံ့မယ်

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၂၀၀၀ ဒါမှမဟုတ် ၂ ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ဈေးဝယ်နေကြသူများ (Credit: Reuters)

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံအပေါ် အကြီးမားဆုံး ကူညီထောက်ပံ့မှုပေးလိုက်တာဖြစ်ပြီး ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim မြန်မာနိုင်ငံမှာ ရောက်ရှိနေတုန်း ခုလို ကြေငြာလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူဦးရေ ၇၀% ဟာ လျှပ်စစ်မီး မရကြတဲ့အတွက် လျှပ်စစ်မီး ပိုမိုရရှိစေရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၂၀၀၀ ထဲက သန်းတစ်ထောင်ကို လျှပ်စစ်မီးအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

ကျန်ရှိတဲ့ငွေတွေထဲက တချို့ကိုတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အရည်အသွေးမှီပြီး မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့အတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် အရည်အသွေးကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့ လူဦးရေ ၇၅% လောက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim ဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိတာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ ကျင်းပမယ့် မြန်မာနိုင်ငံဖွံ့ဖြိုးရေး ဖိုရမ်ကို တက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌဟာ သမ္မတ ဦးသိန်းစိန်နဲ့ တခြား အစိုးရ အရာရှိတွေအပြင် စီးပွားရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ဈေးဝယ်နေကြသူများ (Credit: Reuters)
ABC

ဝိုင်းမော်တွင် ကျပ်သိန်းရာချီ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာအနီးရှိ ဘားကျွင့် တံတားတွင် ကာလတန်ဖိုး ကျပ် ၁၁၄ သိန်းကျော် တန်ဖိုးရှိ ဘိန်းစိမ်း ၇၆၂၀ ဂရမ်ကို တရားခံ သုံးဦးနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ဒုရဲမှူး တင်ကိုကိုက ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် မောင်မောင်ဦး (ခ) မြိုင်နုတ်ဆိုသူက အဆိုပါ ဘိန်းစိမ်းများကို တရုတ်နိုင်ငံလုပ် ခေါက်ဆွဲဘူးများနှင့် အင်ဂျင်ဝိုင်ဘူးများအတွင်း လျှို့ဝှက် ထည့်သွင်းကာ ၎င်းကိုယ်တိုင် မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကလုန်း အမျိုးအစား အနက်ရောင် ဆိုင်ကယ်၏ ကယ်ရီယာခုံနှင့် ဆိုင်ကယ်ခွကြားတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဘိန်းစိမ်းများကို ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ဝေမိုးကျေးရွာ ဈေး အတွင်းမှ မြစ်ကြီးနားမြို့ရှိ ကျောက်စိမ်း တည်းခိုခန်းသို့ ကျပ် ၅၀၀၀ ဖြင့် ကယ်ရီအငှား သယ်ဆောင်ပေးခြင်း ဖြစ်ပြီး မောင်မောင်ဦးကို ကယ်ရီအဖြစ် ငှားရမ်းခဲ့သူ များမှာလည်း ၎င်း၏နောက်တွင်လိုက်ပါလာကြောင်း သိရှိရသဖြင့် ဆက်လက်ဖမ်းဆီးရာ ကားမိုင်းမြို့တွင် နေထိုင် သည့် ဒေါ်လွမ်းနန်းနှင့် ဒေါ်နန်မိုင်ဆိုသည့် အမျိုးသမီးနှစ်ဦးကို ဆက်လက်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု ဒုရဲမှူးတင်ကိုကိုက ရှင်းပြသည်။

“ဒီဘိန်းတွေကို ဝေမိုးကျေးရွာကနေ ဖားကန့် မြို့နယ်ထဲမှာရှိတဲ့ ကားမိုင်းမြို့ထိ သယ်ကြတာလို့ သိရတယ်။ ဒီအချိန်က ဘိန်းထွက်တဲ့ ရာသီဆိုတော့ သတင်းအတိအကျ စုစည်းပြီး ဖမ်းဆီးရေး လုပ်နေတယ်” ဟု ဝိုင်းမော်စခန်းမှူးက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိမှုအား ဝိုင်းမော် နယ်မြေခံရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ပုဒ်မ - ၁၅/၁၉ (က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

ယူနိုက်တက်ထံ လက်လွှဲ ရောင်းချပေးသည့် ချယ်လ်ဆီးကို မာတာ အံ့ဩနေ

မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ မိမိကို ရောင်းထုတ်ခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ဟွမ်မာတာက ဝန်ခံ ပြောကြားခဲ့သည်။

Photo: ယူနိုက်တက်ထံ လက်လွှဲ ရောင်းချပေးသည့် ချယ်လ်ဆီးကို မာတာ အံ့ဩနေ
Monday, January 27, 2014
    
မန်ချက်စတာ ယူနိုက်တက် အသင်းထံသို့ မိမိကို ရောင်းထုတ်ခဲ့သည့် ချယ်လ်ဆီး၏ ဆုံးဖြတ်ချက်အပေါ် အံ့ဩမိကြောင်း ဟွမ်မာတာက ဝန်ခံ ပြောကြားခဲ့သည်။

စပိန်လက်ရွေးစင် မာတာအနေဖြင့် ချယ်လ်ဆီးတွင် မန်နေဂျာ ဟိုဆေးမော်ရင်ဟို လက်အောက်၌ ခက်ခဲသော (၆)လတာကို ဖြတ်သန်းပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ကူးပြောင်းလာခဲ့သည်။ ယူနိုက်တက်သည် မာတာအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် (၃၇.၁)သန်းထိ အသုံးပြုခဲ့သည်။ ယူနိုက်တက် ကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အသင်းပိုင် ဝက်ဘ်ဆိုက်နှင့် တွေ့ဆုံရာ၌ ကွင်းလယ်တိုက်စစ် ကစားသမားက ၎င်း၏ အံ့ဩမှုကို ဖွင့်ဟသွားခဲ့သည်။

"ရိုးရိုးသားသား ပြောရရင်တော့ ဒီကိစ္စက နည်းနည်း အံ့ဩစရာ ဖြစ်နေတယ်"ဟု မာတာက ဆိုသည်။ ပုံမှန်အားဖြင့် အင်္ဂလန် ထိပ်တန်းကလပ်များသည် ခြေစွမ်းမြင့်မားသည့် ကစားသမားကို တစ်သင်းမှ တစ်သင်းသို့ လက်လွှဲရောင်းချမှု အလွန်ရှားပါးသည်။ မာတာက "ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးကို သိပ်ကျေးဇူးတင်ပါတယ်။ အသင်းပိုင်ရှင်၊ ပြီးတော့ အသင်းအတွက် အလုပ်လုပ်နေသူ အားလုံး၊ ပြီးတော့ ပရိသတ်တွေပေါ့။ ပရိသတ်တွေက ပြီးခဲ့တဲ့ (၂)ရာသီအတွင်းမှာ ကျွန်တော့်ကို အကောင်းဆုံး ကစားသမားအဖြစ် မဲပေးခဲ့ကြတယ်။ ဒါကိုကျွန်တော် အမြဲတမ်း အမှတ်ရနေမှာပါ။ ချယ်လ်ဆီးပရိသတ်တွေဟာ ကျွန်တော့်အတွက် အံ့ဩစရာပါပဲ။ လွန်ခဲ့တဲ့ (၆)လအတွင်း ကျွန်တော့်အနေနဲ့ မျှော်လင့်သလောက် မကစားခဲ့ရပါဘူး။ အသင်းလိုက် ကစားတဲ့ အားကစား တစ်ခုမှာ ဒီအခြေအနေမျိုးကို ကျွန်တော် နားလည် လေးစားဖို့ လိုပါတယ်။ ဒါပေမဲ့ ယူနိုက်တက်လို အသင်းက ချိတ်ဆက်လာတယ် ဆိုတာကတော့ ကျွန်တော့် ကစားသမား ဘဝကို ရှေ့ဆက်ဖို့ သိပ်ကို ခမ်းနားကြီးကျယ်တဲ့ အချိန်မျိုး ဖြစ်လာပါတယ်။ ကျွန်တော့် အနေနဲ့ နောက်ထပ် ထိပ်တန်းအသင်းကြီး တစ်ခုဆီကို ထပ်ပြီး ကူးပြောင်းလာရတာ ဖြစ်ပါတယ်"ဟုလည်း ပြောကြားသွားသည်။

၎င်းက ကလပ်စံချိန်တင် ဈေးနှုန်းဆိုသည်မှာ မိမိအတွက် ဖိအားတစ်ရပ် မဟုတ်ဟုလည်း ဆိုသည်။ "ဈေးများတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေသွားမယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ကျွန်တော်ကတော့ အမြဲတမ်းလိုလို ကျင့်သုံးခဲ့တဲ့အတိုင်း အကောင်းတကာ့ အကောင်းဆုံး ဖြစ်စေဖို့ ကြိုးစားနေမှာပါ"ဟု မာတာက ဖွင့်ဟသွားသည်။ 

Soccer Myanmar
Add caption

ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

Photo: ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား
Monday, January 27, 2014

ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အဆိုပါ နှုန်းထားများမှ ဆက်လက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းထားများ မြင့်တက်ခဲ့ပြီး ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင်မူ ရှစ်ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဂျပန်နိုင်ငံအခြေစိုက် SMBC နှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းကြား နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဘဏ်တိုးနှုန်းများ လျှော့ချရန်မှာ ကုန်ဈေးနှုန်းဖောင်းပွမှု နည်းပါးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။ ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ” ဟု မြန်မာ-ဂျပန် ဖက်စက်တည်ထောင်ထားသည့် Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ လုပ်သက်ရှိ ဦးကျော်စိန်ကဆိုသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ခဲ့ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။

“၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဘီလျံ ၆၇ဝဝ ကျော်ပဲရှိပေမယ့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်မှာကျတော့ ဘီလျံ ၉ဝဝဝ ကျော်ရိုက်ခဲ့တယ်။ ဒီလိုမျိုး တိုးရိုက်တယ်ဆိုရင် အကျိုးအကြောင်း သိရဖို့လိုတယ်။ ဒီလိုတိုးရိုက်တာက ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ နိုင်ငံခြားငွေ တည်ငြိမ်မှုကို ဘယ်လောက်အထိ ဖြစ်စေသလဲ။ အစိုးရအနေနဲ့ အသုံးစရိတ် လျှော့ရမယ်။ ဝန်ကြီးဌာနတွေ လျှော့သင့်တာလျှော့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်လုပ်ရပါမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိကာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉ဝ ကျပ်ဝန်းကျင်တွင် ငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၈ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှု စရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့် လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။

ငွေကြေးဖောင်းပွမှုများအား ထိန်းချုပ်နိုင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ ငွေကတ်များဖြစ်သည့် ခရက်ဒစ်ကတ်များကိုင်တွယ်မှု တွင်ကျယ်ရန်လုပ်ဆောင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း၊ ချေးငွေအာမခံစာချုပ်များ ထုတ်ဝေခြင်း စသည့်နည်းလမ်းများ လုပ်ဆောင်၍ ငွေစက္ကူများ ရိုက်ထုတ်နေမှုအား လျှော့ချသင့်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP(Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။

အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်” ဟု IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝဝ၉ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး GDP တွင်မူ ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့် မြင့်တက်ခဲ့သော်လည်း ငွေကြေးများ ရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ် တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားကြသည်။

“ငွေဖောင်းပွမှုကြောင့် ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်းကျတယ်။ ပုံသေဝင်ငွေပဲရတဲ့ ကျွန်တော်တို့လို ပင်စင်စားတွေ ဒုက္ခရောက်မယ်။ ငွေဖောင်းပွမှုကြောင့် မမျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမယ်။ ငွေဖောင်းပွမှု ရှိနေရင် ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ပဲ ချမ်းသာတဲ့သူတွေ ဟန်ကျနေမယ်။ ငွေဖောင်းပွမှုကို မထိန်းနိုင်ရင် စားသုံးသူရော၊ လုပ်ငန်းရှင်တွေရော တစ်တိုင်းပြည်လုံးပါ ဒုက္ခရောက်သွားမယ်” ဟု ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။ 

Eleven Media Group 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

E-AyeYarWaDy Expo 2014

အိုင်စီတီမိုဘိုင်းနှင့် အီလက်ထရွန်းနစ်ကုန်ပစ္စည်းပြပွဲကြီးအား ဖေဖော်ဝါရီလ (2) ရက်နေ့မှ (4) ရက်နေ့အထိ နေ့စဉ် နံနက် (93း0) မှ ည (7း00) နာရီအချိန်ထိ ပုသိမ်မြို့ မြို့တော်ခန်းမတွင် ပြသရောင်းချသွားမည်ဖြစ်ပါသည်။

ပါဝင်ပြသရောင်းချပေးသွားမည့် ပစ္စည်းများကတော့

ကျပ်ငွေ (50000) ၀န်ကျင်ဖြင့်ရရှိနိုင်မည့် tablet များ
ကျပ် တစ်သိန်း ၀န်းကျင်ဖြင့်ရရှိနိုင်မည့် ဂျပန်နိုင်ငံထုတ် laptop / Desktop များ
ငွေကျပ် တစ်သိန်းကျော်ဖြင့် ကမ္ဘာ့အဆင့်မှီ tablet များ၊ mobile ဟန်းဆက်များနှင့် ထိပ်တန်းစာရင်းဝင် HTC မိုဘိုင်းဟန်းဆက်များ၊ lenovo အမှတ်တံဆိပ် မိုဘိုင်းဟန်းဆက်များ၊
ငွေကျပ် သုံးသိန်းဝန်းကျင်ဖြင့် ရရှိနိုင်မည့် lenovo laptop များ၊ Dell laptop များ၊ Fujisu Laptop များ၊
နောက်ဆုံးပေါ် LED 32'' အထက် Sony TV များ၊ အိမ်တွင်ရုပ်ရှင်ရုံစနစ်များ၊ Smart Phone များ
CCTV များနှင့် လုံခြုံရေးပစ္စည်းများ၊ ကြိုးမဲ့ကွန်ယက်ဆက်သွယ်ရေးပစ္စည်းများ၊
မိမိနေအိမ်၊ မိမိအလုပ်ရုံများသို့ ခရီးသွားနေစဉ်အချိန်အတွင်း မိုဘိုင်းဖုန်းပေါ်မှ စောင့်ကြည့်နိုင်သည့် cloud နည်းပညာအသုံးပြု လုံခြုံရေးစနစ်များနှင့် ဆက်စပ်ပစ္စည်းများ၊
စီးပွားရေးလုပ်ငန်းရှင်များအတွက် ကွန်ပျူတာအရောင်းစနစ်၊ ကွန်ပျူတာအသုံးပြုကုန်ပစ္စည်းထိန်းသိမ်းမှုစနစ်များ၊ ကွန်ပျူတာနည်းပညာသုံး ကွန်ယက်များအတွင်းမှ လုပ်ငန်းတွင်း စီမံခန့်ခွဲမှုစနစ်များ၊
မိုဘိုင်းဖုန်းပေါ်မှ ငွေလွှဲငွေပို့ငွေထုတ်နိုင်သည့်စနစ်များ
စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများအတွက် Web ရေးသားခြင်းဝန်ဆောင်မှုလုပ်ငန်းများ
Web နည်းပညာအခြေပြု လုပ်ငန်းသုံး Web Application နှင့် ဆိုရှယ်လူမှုကွန်ယက် WebSite များရေးသားသည့် ၀န်ဆောင်မှုလုပ်ငန်းများအား ပြသရောင်းချပေးသွားမည်ဖြစ်သည့်အပြင်
ကွန်ပျူတာ၊ စီးပွားရေး၊ ဘာသာစကားသင်တန်းကျောင်းများ၏ အထူးလျော့ငွေဖြင့် သင်တန်းတက်ရောက်ခွင့်များအား ပေးသွားမှာဖြစ်ပါတယ်။

ဖျော်ဖြေရေးအစီအစဉ်များအဖြင့် ကုန်ပစ္စည်းမိတ်ဆက်မှုအစီအစဉ်များ၊ ကုန်စည်ပရိုမိုရှင်းအစီအစဉ်များ၊ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ နည်းပညာဥာဏ်စမ်းပြိုင်ပွဲများ၊ ကံစမ်းမဲအစီအစဉ်များကို မည်သူမဆိုပါဝင်ခံစားနိုင်ရန်အတွက် စီစဉ်ထားရှိပါသည်။
ပြပွဲတွင် ပါဝင်ပြသရောင်းချလိုသူများ ၊ ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ဆင်နွှဲလိုသူများအနေဖြင့် ဖုန်းနံပါတ် - 09422496600, 09250236643, 0949717428 သို့ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

ဆေးကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစုမှ မုဒိမ်းကျင့်သတ်ဖြတ်သည့်အမှု အမှုမှန်မပေါ်ပါက ဆေးကျောင်းသူများ အားလုံး ကျောင်းမတက်ပဲ လမ်းပေါ်ထွက်ဆန္ဒပြမည် .

.ဆေးကျောင်းသူ ၁ ဦး (မေသူသူဇော် အသက် ၁၉ နှစ် ဘ-ဦးဇော်ထွန်း)အား ဆေးကျောင်းသားတစ်စုမှ မုဒိမ်းကျင့်သတ်ဖြတ်သည့်အမှု အမှုမှန် မပေါ်ပေါက်ပါက ဆေးတက္ကသိုလ်ကျောင်းသူများ ယခုကဲ့သို့ ကျောင်းသားကဒ်များကို ဆုတ်ဖြဲ၍ ကျောင်းမတက်ပဲ လမ်းပေါ်ထွက် ဆန္ဒပြမည် ဖြစ်ကြောင်းသိရသည်။ဆေးကျောင်းတွင် ကျောင်းသူတစ်ဦးအား ဆေးကျောင်းသားတစ်စုမှ အဖွဲ့လိုက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော်လည်း တရားစီရင်ရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် တရားခံများမှာ အမှုမှ လွတ်မြောက်လျက်ရှိရာ သေဆုံးသူ ဆေးကျောင်းသူလေး၏ အမနှင့် သူမ၏ သူငယ်ချင်းများမှ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ဒုတိယမြောက် မုဒိမ်းကျင့်သူတဦးဖြစ်သည့် ဆေးကျောင်းသား ရဲမင်းဦး ဆိုသူမှာ ဆွေမျိုးများ၏ အကူအညီဖြင့် ယခုအခါ သြစတေးလျနိုင်ငံသို့ တိမ်းရှောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်

Credit : Min Myanmar

အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်

ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည် ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းလေးကျောင်းမှ ကျောင်းသား ကျောင်းသူ တစ်သောင်းတစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက်က The Voice သို့ ပြောကြားသည်။

“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်းနီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။

ထို့ပြင် လက်ရှိ ကျောင်းသားများနှင့် တိုက်ရိုက် ပတ်သက်နေသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဆွေးနွေးရာတွင် တာဝန်ရှိလူကြီးများ အနေနှင့် လူကြီးလူကောင်း ဆန်ဆန် ပွင့်လင်းမြင်သာမှု ရှိစွာ၊ တာဝန်ယူမှု ရှိစွာဖြင့် ကျောင်းသားများကို အရေးတယူ အသိပေး ဆောင်ရွက်ပေးရန် နည်းပညာ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ထားသည်။

“အဆင့်မြင့် ပညာကဏ္ဍမှာ နည်းပညာ ကျောင်းသားနဲ့ ကွန်ပျူတာ ကျောင်းသားများ၊ ဆရာဆရာမများမှ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော အဆင့်မြင့်ပညာ ကဏ္ဍဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး မည်သည့် အကြံပြုချက်ကိုမဆို ပညာရေး မြှင့်တင်မှု ကော်မတီရှိ လုပ်ငန်းအဖွဲ့ (Working Group) က လက်ခံသွားမည် ဖြစ်ကာ မည်သူမဆို ဝင်ရောက် အကြံပြုနိုင်ကြောင်း ဝန်ကြီးဌာနများက ဖိတ်ခေါ်ထားသည်။

The Voice Weekly

မိုးကုတ်ဓားပြမှု ကျူးလွန်သူများ ပိတ်ဆို့ရှာဖွေစဉ် မူးယစ်ဆေး သယ်ဆောင်သူများ ကိုသာ ဆက်တိုက်ဖမ်းမိနေ

မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်အား ဖော်ထုတ်ရန် ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း ယခုလ ၂၃ ရက်က ကျပ်သိန်းနှစ်ရာနီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမှုသုံးမှု ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ တကောင်းနယ်မြေရဲကင်းစခန်း၊ တွင်းငယ်ရဲကင်းစခန်းနှင့် သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုဖြစ်စဉ်မှ တရားခံဖြစ်သူများအား ဖမ်းမိနိုင်ရေးအတွက် တွင်းငယ်- မိုးမိတ်ကားလမ်းပေါ်ရှိ သစ်ခွဲပင် သစ်ထုတ်လုပ်ရေးစခန်းအနီးတွင် ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေစဉ် ဇန်န၀ါရီ ၂၃ ရက် ညပိုင်းက ငွေကျပ် ၁၉၂ သိန်းကျော်ခန့် တန်ဖိုးရှိသည့် ဘိန်းဖြူ၊ ဘိန်းမည်းနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်သုံးစီးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယခုအရေးယူခံထားရသည့်သူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ထွက်ဆိုခဲ့သည့် ဖြစ်စဉ်များတွင် ပါဝင်နေသည့် ဆက်စပ်သူများကိုလည်း ဆက်လက်ဖမ်းဆီးရေး ဆောင်ရွက်နေကြောင်း သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူကပြောသည်။

ဇန်န၀ါရီ ၂၁ ရက်က မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဓားပြမှုအား ဖော်ထုတ်နိုင်ရေးအတွက် အဆိုပါညမှစတင်ပြီး ယင်လမ်းပိုင်းနေရာတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများအား ရက်ဆက်ပြုလုပ်ခဲ့ရာ ၂၂ ရက်နေ့ ည ၈ နာရီ အချိန်ကလည်း ငွေကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများအား မိုးမိတ်မြို့ဘက်မှ သယ်ဆောင်လာသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

Author: အေးမွန်ရာပြည့်
7day Daily

Photo: မိုးကုတ်ဓားပြမှု ကျူးလွန်သူများ ပိတ်ဆို့ရှာဖွေစဉ် မူးယစ်ဆေး သယ်ဆောင်သူများ ကိုသာ ဆက်တိုက်ဖမ်းမိနေ

ထိုင်းအတိုက်အခံ ခေါင်းဆောင် ပစ်သတ်ခံရ

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂ ရက်နေ့ လုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးပွဲမှာ မဲမပေးနိုင်အောင် ကန့်ကွက် တားမြစ်မှုတွေ ဖြစ်ခဲ့ပြီး ပစ်ခတ်မှုအထိ ဖြစ်ပွား ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘန်နားအရပ်မှာ မဲရုံကို ကန့်ကွက်သူ တွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။

တလက် မကတဲ့ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ် တဲ့ စူထင်း ထားရားထင်း သေဆုံး သွားပါတယ်။

နောက်ထပ် ၁ဝ ဦးလည်း ဒဏ်ရာရ သွားတယ်လို့ ထိုင်း ကျန်းမာရေး ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ကြိုတင် ဆန္ဒပြပွဲကို ကန့်ကွက် ပိတ်ဆို့မှုတွေ လုပ်လို့ ဘန်ကောက် ခရိုင် ၃ ပုံ ၂ လောက် မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘဲ ရပ်ဆိုင်း ခဲ့ရတယ်။

တစ်နိုင်ငံလုံးက ၇၇ ခရိုင်မှာ ၁ဝ ခရိုင် ကျော်က ကြိုတင် မဲပေးပွဲ မလုပ်နိုင်ဘဲ ဖြစ်သွားပါတယ်။

ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရ ဖိတ်ကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရက တရားဝင်အလည်အပတ် ဖိတ်ကြားဖို့ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟိုးလန် Yang Houlan က ပြောကြားတယ်လို့ ဒီကနေ့ တနင်္ဂနွေနေ့ထုတ် South China Morning Post သတင်းစာမှာ ဖေါ်ပြထားပါတယ်။

တရုပ်သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုလာရောက်ဖို့အတွက် ဘယ်တော့ ဖိတ်ကြားမယ်ဆိုတာ အတိအကျ မပြောနိုင်သေးပေမယ့် တရုတ်အစိုးရဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ဖက်ကပါ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဖြစ်ပါလိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဖြစ်ရုံမက မြန်မာလူထုရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေသူဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ သူတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်လိုကြောင်း၊ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ တရားဝင်ဖိတ်ကြားဖို့လိုကြောင်း RFA ကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ထုတ်တဲ့ တရုပ်သတင်းစာမှာတော့ အစိုးရတစ်ပိုင်းအဖွဲ့တွေ အရင်က ဖိတ်ကြားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။ ဒါ့အပြင် တရုတ်သံအမတ်ကြီး ယနဟိုးလန်က သူတို့အစိုးရအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာပြည်က နိုင်ငံရေးပါတီအားလုံးနဲ့ ဆက်ဆံရေးကို ဆက်လက်ထူထောင်မှာဖြစ်တယ်လို့ ပြောဆိုကြောင်းလည်း ရေးသားထားပါတယ်။

RFA

စနေညပွဲစဉ်ရလဒ်များ-

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်များကို ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ခရစ္စတယ်ပဲလေ့စ်မှလွဲ၍ ကျန်ပရီးမီးယားလိဂ် အသင်းအားလုံး ရလဒ်ကောင်းခဲ့သည်။ ဘာနီမောက်နှင့် လီဗာပူးတို့ပွဲစဉ်တွင် လီဗာပူးအသင်း အဆုံးသတ်ပိုင်း အားသာချက်ကြောင့် အနိုင်ရခဲ့ပြီး မော့ဆက်နှင့် စတာရစ်တို့က သွင်းယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မန်စီးတီးနှင့် ၀က်ဖို့ဒ်တို့ပွဲစဉ်၌ ပွဲချိန်မိနစ် ၃၀ မတိုင်မီ မန်စီးတီး ၂ဂိုး ပေးခဲ့ရသည့်အပြင် ပထမပိုင်း၌ ၂ဂိုးပြတ် ရှုံးနိမ့်နေသော်လည်း အဂူရို၏ ဟက်ထရစ်ဂိုး၊ ကိုလာရော့ဗ်၏ သွင်းဂိုးများကြောင့် (၄-၂)ဂိုးဖြင့် အနိုင်ရခဲ့သည်။

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ရလဒ်များ

ဘာနီမောက် ၀-၂ လီဗာပူး

ဘာမင်ဂမ် ၁-၂ ဆွမ်ဆီး

ဘော်တန် ၀-၁ ကာဒစ်ဖ်

ဟက်ဒါစ်ဖီး ၀-၁ ချာလ်တန်

မန်စီးတီး ၄-၂ ၀က်ဖို့ဒ်

ပို့ဗေး ၁-၃ ဘရိုက်တန်

ရော့ခ်ျဒါလီ ၁-၂ ရှက်ဖီး

ဆောက်သမ်တန် ၂-၀ ယိုဗီး

ဆောက်အန့် ၀-၂ ဟူးလ်စီးတီး

ဆန်းဒါးလန်း ၁-၀ ကစ်ဒါမင်စတာ

ဝီဂန် ၂-၁ ပဲလေ့စ်

ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁၈)ရလဒ်များ

ဒေါ့မွန် ၂-၂ အော့စ်ဘတ်

စတုဂတ် ၁-၂ မိန့်ဇ်

ဝုဖ်ဘတ် ၁-၃ ဟန်နိုဗာ

နုရင်ဘတ် ၄-၀ ဟော့ဖန်ဟိမ်း

ဖရိုင်းဘတ် ၃-၂ လေဗာကူဆင်

ချန်ပီယံရှစ်ပွဲစဉ်(၂၇)ရလဒ်များ

အစ်ဝစ်ခ်ျ ၂-၀ ရက်ဒင်း

ဘလက်ပူး ၁-၁ ဒွန်ကက်စတာ

ဘလက်ဘန်း ၁-၁ ဒါဘီ

လက်စတာ ၂-၀ မစ်ဒယ်ဘရော့

လာလီဂါပွဲစဉ်(၂၁)ရလဒ်

ရီးရဲလ် ၂-၀ ဂရန်နာဒါ

လီဂူး-၁ ပွဲစဉ်(၂၂)ရလဒ်

ဂူရင်ဂမ့် ၁-၁ ပီအက်စ်ဂျီ

ပြင်သစ်ရှုံးထွက်ဖလား

ပြင်သစ်ရှုံးထွက်ဖလား ပွဲစဉ်တွင် ဒူးအရွတ်စုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့သည့် မိုနာကို တိုက်စစ်မှူး
ဖယ်လ်ကာအိုအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ဒဏ်ရာပြန်သက်သာလာနိုင်ချေ ၅၀-၅၀ ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။
ချဲလ်ဆီးကွင်းလယ်လူ အက်စီယန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အေစီ မီလန်သို့ ရောက်ရှိသွားခဲ့ပြီး ၁၈လ စာချုပ် ချုပ်ဆိုခဲ့သည်။
မန်စီးတီးနည်းပြ ပယ်လီဂရီနီမှာ ၀က်ဖို့ဒ်ကို ၂ဂိုးပေးခဲ့ရခြင်းကြောင့် အသင်း၏ခံစစ်ပိုင်း စွမ်းဆောင်မှုကို ဒေါသထွက် လျက်ရှိသည်။
စိန့်အီတင်းနောက်ခံလူ ဇူးမားကို ယူရို ၁၅သန်းဖြင့် ခေါ်ယူရန် ချဲလ်ဆီးမှ ဆွေးနွေးနေပြီး ငါးနှစ်ခွဲ စာချုပ်ချုပ်ဆိုဖွယ်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ရှော်လ်ကေးကွင်းလယ်လူ ဒရက်စလာကို ခေါ်ယူနိုင်ခဲ့ပြီဆိုသော သတင်းများကို အတိအလင်း ငြင်းဆန်သွားခဲ့သည်။
ဂရန်နာဒါနှင့်ပွဲတွင် အ၀ါကတ်ထိခဲ့သည့် ရီးရဲလ်နောက်ခံလူ ရာမို့စ်က ကွင်းလယ်ဒိုင်များမှာ ၎င်းကို အလွယ်တကူ အ၀ါကတ် ပြနေကြသည်ဟု ဝေဖန်ခဲ့ပြီး အဆိုပါအ၀ါကတ် ပြစ်ဒဏ်အတွက် အယူခံဝင်သွားမည်ဟု ဆိုခဲ့သည်။