Sunday, January 26, 2014

ဝိုင်းမော်တွင် ကျပ်သိန်းရာချီ တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင် ကျေးရွာအနီးရှိ ဘားကျွင့် တံတားတွင် ကာလတန်ဖိုး ကျပ် ၁၁၄ သိန်းကျော် တန်ဖိုးရှိ ဘိန်းစိမ်း ၇၆၂၀ ဂရမ်ကို တရားခံ သုံးဦးနှင့်အတူ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ဒုရဲမှူး တင်ကိုကိုက ပြောကြားသည်။

ဝိုင်းမော်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သည့် မောင်မောင်ဦး (ခ) မြိုင်နုတ်ဆိုသူက အဆိုပါ ဘိန်းစိမ်းများကို တရုတ်နိုင်ငံလုပ် ခေါက်ဆွဲဘူးများနှင့် အင်ဂျင်ဝိုင်ဘူးများအတွင်း လျှို့ဝှက် ထည့်သွင်းကာ ၎င်းကိုယ်တိုင် မောင်းနှင်လာသည့် နံပါတ်မပါ ဆိုင်ကလုန်း အမျိုးအစား အနက်ရောင် ဆိုင်ကယ်၏ ကယ်ရီယာခုံနှင့် ဆိုင်ကယ်ခွကြားတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းဘိန်းစိမ်းများကို ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ဝေမိုးကျေးရွာ ဈေး အတွင်းမှ မြစ်ကြီးနားမြို့ရှိ ကျောက်စိမ်း တည်းခိုခန်းသို့ ကျပ် ၅၀၀၀ ဖြင့် ကယ်ရီအငှား သယ်ဆောင်ပေးခြင်း ဖြစ်ပြီး မောင်မောင်ဦးကို ကယ်ရီအဖြစ် ငှားရမ်းခဲ့သူ များမှာလည်း ၎င်း၏နောက်တွင်လိုက်ပါလာကြောင်း သိရှိရသဖြင့် ဆက်လက်ဖမ်းဆီးရာ ကားမိုင်းမြို့တွင် နေထိုင် သည့် ဒေါ်လွမ်းနန်းနှင့် ဒေါ်နန်မိုင်ဆိုသည့် အမျိုးသမီးနှစ်ဦးကို ဆက်လက်ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်သည်ဟု ဒုရဲမှူးတင်ကိုကိုက ရှင်းပြသည်။

“ဒီဘိန်းတွေကို ဝေမိုးကျေးရွာကနေ ဖားကန့် မြို့နယ်ထဲမှာရှိတဲ့ ကားမိုင်းမြို့ထိ သယ်ကြတာလို့ သိရတယ်။ ဒီအချိန်က ဘိန်းထွက်တဲ့ ရာသီဆိုတော့ သတင်းအတိအကျ စုစည်းပြီး ဖမ်းဆီးရေး လုပ်နေတယ်” ဟု ဝိုင်းမော်စခန်းမှူးက ဆိုသည်။

အဆိုပါ ဖမ်းဆီးရမိမှုအား ဝိုင်းမော် နယ်မြေခံရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ပုဒ်မ - ၁၅/၁၉ (က)/၂၀ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment