ချယ်လ်ဆီးနှင့်ပွဲထက် လီဗာပူးလ်နှင့်ပွဲကို ပိုမို စိတ်ဝင်စားနေသည့် ဖာဒီနန်
ချယ်လ်ဆီးနှင့် ပွဲစဉ် ထက်စာလျှင် လီဗာပူးလ်နှင့် ကစားမည့် ပွဲစဉ်ကိုသာ မိမိ ပိုမို၍ စိတ်ဝင်စားနေကြောင်း မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ရီယိုဖာဒီနန်က ပြောကြားလိုက်သည်။
အင်္ဂလန် ဝါရင့် ခံစစ်မှူးကြီးက လာမည့် တနင်္လာနေ့ညတွင် အိုးလ်ထရက်ဖို့ဒ်၌ ကစားမည့် ချယ်လ်ဆီးနှင့်ပွဲအပေါ် မီဒီယာများက အာရုံစိုက် ဖော်ပြနေသော်လည်း လီဗာပူးလ်နှင့် ပွဲစဉ်က ပိုမို စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု ဆိုသည်။ ချယ်လ်ဆီးနှင့်အတူ အောင်မြင်မှုများ ရယူခဲ့ဖူးသည့် ဟိုဆေးမော်ရင်ဟို အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်မည့် အနေအထားသည် ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်သော်လည်း ဖာဒီနန်ကမူ ရှေ့ဆက် ကြုံရမည့် မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်တို့ကဲ့သို့ ခါးသီးပြိုင်ဘက်များ အကြောင်းကိုသာ ပိုမိုတွေးတောလျှက်ရှိသည်။
"ချယ်လ်ဆီးနဲ့ပွဲကတော့ ကျွန်တော် အာရုံအကျဆုံး မဟုတ်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ ကစားရတယ် ဆိုတာကလည်း ကျွန်တော်တို့အတွက် စိတ်လွတ်လပ်ခွင့် ပိုရစေမှာပါ။ ဒီကွင်းကြီးက တကယ့် အပျံစား နေရာလေ။ ဒါကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ ကစားရမှာပါ။ ကျွန်တော်တို့ အနေနဲ့ လီဗာပူးလ်၊ မန်ချက်စတာ စီးတီးတို့လို အနီးကပ်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဦးမယ်။ အဲဒီပွဲစဉ်တွေက တခြားအရာတွေထက် ပိုပြီး အားကောင်းနေပါတယ်။ ကျွန်တော်တို့ အတွက်တော့ အဲဒီလို ပွဲစဉ်တွေကသာ တစ်ရာသီလုံး အကြီးကျယ်ဆုံးတွေ ဖြစ်နေတတ်ပါတယ်"ဟု ဖာဒီနန်က ပြောဆိုခဲ့သည်။
အခြားသော သတင်းများအရ မန်ချက်စတာစီးတီး လူငယ် အကယ်ဒမီမှ အသက်(၁၆)နှစ်အရွယ် ကွင်းလယ် တိုက်စစ် ကစားသမားလေး ဂါဘရီရယ်လ် ဖာနန်ဒိုသည် စီးတီးက ကမ်းလှမ်းသည့် စကောလားရှစ်ကို ငြင်းပယ်ကာ ယူနိုက်တက်သို့ ကူးပြောင်းလာကြောင်း သိရှိရသည်။ ၎င်းသည် မန်နေဂျာ ဒေးဗစ်မိုယက်စ်လက်ထက် ယူနိုက်တက်အတွက် ပထမဆုံး လူငယ်ကစားသမားသစ် ခေါ်ယူမှု အဖြစ်လည်း မှတ်တမ်းဝင်စေခဲ့သည်။
Ref: Daily Mail

No comments:
Post a Comment