ဦးထောင်ဘိုအဝိုင်းတွင် BELTA ယာဉ်ကို ခရီးသည်တင်ယာဉ် ဝင်တိုက်
ရန်ကုန်မြို့
ဗဟန်းမြို့နယ် ဦးထောင်ဘို အဝိုင်းအနီးတွင် သြဂုတ်လ ၁၇ ရက်နံနက် ၈ နာရီ
မိနစ် ၃၀ ခန့်က ဗဟန်း ၃ လမ်းဘက်မှ ရွှေတိဂုံ ဘုရားဘက်သို့ မောင်းနှင်လာသော
BELTA ယာဉ်ကို ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသည့်
မြောက်ဒဂုံ - ဆူးလေပြေးဆွဲနေသော BM ယာဉ်က ဝင်တိုက်ခဲ့ကြောင်း
မျက်မြင်တွေ့ကြုံသူများက ပြောကြားသည်။
အတိုက်ခံရသည့် BELTA (၄ဃ/၄၅၀၂) ယာဉ်ကို မောင်းနှင်လာသူမှာ အသက် ၆၀ အရွယ်
အမျိုးသမီးတစ်ဦးဖြစ်ပြီး ဗဟန်း ၃ လမ်းဘက်မှ ရွှေတိဂုံ ဘုရားဘက်သို့
မောင်းနှင်လာရာ ဦးထောင်ဘိုအဝိုင်းကို ပတ်စဉ် ရွှေဂုံတိုင်ဘက်မှ
ဆူးလေဘုရားဘက်သို့ မောင်းနှင်လာသည့် အမှတ် ၂၅၅ BM (သ/၆၈၂၂) ဘတ်စ်ကားက
အရှိန်မထိန်းနိုင်ဖြစ်ကာ BELTA ယာဉ်၏ ညာဘက် ရှေ့တံခါးကို တိုက်မိခဲ့ကြောင်း
မျက်မြင်များက The Voice သို့ ပြောကြားသည်။
“အတိုက်ခံရတဲ့
အဘွားကြီးက ကြောက်အားလန့်အားနဲ့ သတိလက်လွတ် ဖြစ်သွားတယ် ထင်တယ်။
ကားကအဝိုင်းကိုပတ်ပြီး တစ်ဖက်ယာဉ်ကြောက ပလက်ဖောင်းပေါ်အထိ ရောက်သွားတယ်။
ကားမှာ လေအိတ် ပါတာကြောင့် ကြီးကြီးမားမား ထိခိုက်မှုမရှိဘူး။ ခဏတော့
သတိမေ့သွားတယ်” ဟု အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ယာဉ်တိုက်မှုဖြစ်လျှင် ဖြစ်ချင်း အနီးအနားရှိ အမှတ် (၁)
မော်တော်ယာဉ်တပ်ရင်းမှ တပ်မတော်သားအချို့ ရောက်လာပြီး ယာဉ်တိုက်ခံရသူ
အမျိုးသမီးကြီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယာဉ်တိုက်မှု
ဖြစ်ပွားသည့် အနီးအနားတွင် တာဝန်ကျသည့် ယာဉ်ထိန်းရဲတစ်ဦးက ပြောကြားသည်။
“ယာဉ်စည်းကမ်းအရဆိုရင် အဝိုင်းကို ပတ်နေတဲ့ကားကို ဦးစားပေးရမှာပါ” ဟု ယာဉ်ထိန်းရဲက ဆိုသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဗဟန်းမြို့နယ် ရဲစခန်းသို့ ယနေ့ နေ့လယ်
၁၂ နာရီခန့်က သွားရောက်မေးမြန်းရာ ဘတ်စ်ကား ယာဉ်မောင်းကို
ထိန်းသိမ်းထားပြီး ယာဉ် (ပ) ၃၅/၁၃၊ ပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့်
အရေးယူထားကြောင်း၊ ကျန်သည့် အချက်အလက်များကို အမှုစစ်ထံတွင် ဖုန်းဆက်
မေးမြန်းနိုင်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်
ဖြေဆိုသည်။
အောင်မျိုးထက်
No comments:
Post a Comment