စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးနှင့် ကသာလေယာဉ်ကွင်းတို့အား အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး၏ အစိုးရအဖွဲ့ထံမှ သိရသည်။
ယင်းသို့ တည်ဆောက်အကောင်အထည် ဖော်ခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးရေးအတွက် စီမံကိန်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံခြား ခရီးသွား များပြားလာသည့်အတွက် တိုင်းနှင့်ပြည်နယ်များတွင် ခရီးသွား လုပ်ငန်းများကို တိုးချဲ့ခြင်းနည်းတူ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးအောင်ဆန်းမြင့်က "ကလေးနဲ့ ကသာလေယာဉ်ကွင်းကို အဆင့်မြင့် လေဆိပ်အဖြစ် အကောင်အထည် ဖော်သွားမှာပါ" ဟု ပြောကြားသည်။
လာမည့်ငါးနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၌ တံတားငါးစင်း ထပ်မံတည်ဆောက်မည်ဖြစ်ပြီး၊ တန်းဖိုးနည်း အိမ်ရာများနှင့် ၀န်ထမ်းအိမ်ရာများလည်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် လုပ်ငန်းများ၊ ကျောက်မီးသွေး လုပ်ငန်းနှင့် စက်မှုဇုန် တိုးချဲ့ခြင်း လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ အဓိကဖြတ်သန်းနေသော ကသာ-ထီးချိုင့်-စစ်ကိုင်း-မြင်းမူ-မုံရွာမြို့များတွင် အဆင့်မြင့်ဆိပ်ခံများ တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်းနှင့် လုပ်ငန်းများကို ကလေးဝမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် စစ်ကိုင်းမြို့တို့တွင် အဓိကထား ဆောင်ရွက်မည် ဖြစ်သည်။
ယခင်က စစ်ကိုင်းတိုင်းဒေသကြီးမှာ သစ်နှင့်စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်သော်လည်း ယခုနောက်ပိုင်းတွင်မူ သတ္တုတူးဖော်ရေး လုပ်ငန်းများကို ၎င်းဒေသရှိ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့တွင် လုပ်ကိုင်နေသည့်အပြင် ထီးချိုင့်တွင်လည်း နိုင်ငံခြားကုမ္ပဏီနှင့် သတ္တုတူးဖော်မှုကို လုပ်ကိုင်နေပြီ ဖြစ်သည်။
သို့သော် စစ်ကိုင်းတိုင်းဒေသကြီးတွင် အလုပ်လက်မဲ့ သုံးသိန်းရှိနေပြီး တစ်ဦးချင်း ၀င်ငွေအရ တစ်နှစ်လျှင် ကျပ်ရှစ်သိန်းကျော်သာ ရရှိပြီး ဆင်းရဲမှုရာခိုင်းနှုန်း ၁၆ ရာခိုင်နှုန်းခန့် ရှိနေကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။
Eleven Media Group

No comments:
Post a Comment