ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ အသစ်တင်သွင်းလာသော ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိရေးအတွက် ယာဉ်ပိုင်ရှင်အင်အား ၁၀၀ ခန့်သည် သြဂုတ်လ ၁၆ ရက်နေ့တွင် ဆန္ဒဖော်ထုတ်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြမည် ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ရန် စီစဉ်သူ ယာဉ်ပိုင်ရှင်တစ်ဦး ဖြစ်သည့် ဦးကိုကိုနိုင်က ပြောကြားသည်။
စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ သာကေတမြို့နယ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် သာကေတမြို့နယ် အုပ်ချုပ်ရေးမှူးထံ သြဂုတ်လ ၁၃ ရက်နေ့တွင် တင်ပြမည် ဖြစ်ပြီး ၎င်းတို့ တင်ပြသည့်နေ့ကို ခွင့်မပြုပါက သြဂုတ်လ ၂၀ ရက်နေ့တွင် ဆန္ဒပြမည်ဟု ၎င်းက ရှင်းပြသည်။
စွမ်းအင်ဝန်ကြီးဌာနသို့ သမ္မတ၏ လမ်းညွှန်ထားချက်အရ ခရီးသည်တင် ဘတ်စ်ကားများကို တစ်ရက်လျှင် CNG ကုဗပေ တစ်သန်း ပေးရန်ရှိသဖြင့် ဇူလိုင်လ ၁ ရက်နေ့က CNG စတင်လျှောက်ထားခဲ့သော်လည်း ယခုချိန်ထိ ခွင့်ပြုခြင်း မရှိသေးသောကြောင့် ဆန္ဒပြရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကုဗပေတစ်သန်းအနက် ခရီးသည်တင် ဘတ်စ်ကား ၁၅၈ စီးကို CNG ဓာတ်ငွေ့ထုတ်ယူခွင့်ပေးပြီး ဖြစ်ကြောင်းနှင့် ထပ်မံ၍ ထုတ်ယူခွင့်ပေးရန် ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
သို့သော် မထသ၏ တရားဝင်စာရင်းအရ ဇူလိုင်လ ၁၇ ရက်နေ့အထိ CNG ခွင့်ပြုပေးသည့် ယာဉ်စီးရေ ၁၃၁ စီးဖြစ်ပြီး CNG ရရှိ၍ လက်ရှိတွင် ခရီးသည်တင် ဘတ်စ်ကား ၁၀၅ စီးမှာ ပြေးဆွဲနေပြီ ဖြစ်ကြောင်း ခရီးသည်တင် ယာဉ်လိုင်းများထံမှ စုံစမ်းသိရှိရသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) မြို့တွင်းကို ယာဉ်ပိုင်ရှင်များနှင့် ပြန်လည် ဖွဲ့စည်းပေးရန် ဇူလိုင်လ၂၈ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီတွင် ယာဉ်ပိုင်ရှင်များက ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက်တွင် ယာဉ်ပိုင်ရှင်များ ထပ်မံဆန္ဒပြခြင်းသည် ဒုတိယမြောက် ဖြစ်သည်။
ခရီးသည်တင် ဘတ်စ်ကားများအတွက် CNG ကုဗပေတစ်သန်း ထုတ်ပေးရန် စွမ်းအင်ဝန်ကြီးဌာနသို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလခန့် သမ္မတက ညွှန်ကြားခဲ့သည်။
The Voice Weekly
No comments:
Post a Comment