ပုသိမ်မြို့၌ ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းနှင့် ပညာသင် ထောက်ပံ့ငွေ ပေးအပ်
ဧရာဝတီတိုင်း
ဒေသကြီး ပုသိမ်မြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ကြီးကြပ်မှု ကော်မတီမှ ကြီးမှူး၍ တက္ကသိုလ်ဝင် စာမေးပွဲ ထူးချွန်ဆု
ချီးမြှင့်ခြင်းနှင့် ၂ဝ၁၃- ၂ဝ၁၄ ပညာသင် ထောက်ပံ့ငွေ ပေးအပ် ပွဲကို
ယမန်နေ့က ပုသိမ်မြို့ တင်မလင်း အဝေးပြေး စခန်းရှိ မော်တော်ယာဉ်
လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီရုံး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပုသိမ်မြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး
ကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားပြီး အတွင်းရေးမှူးက
နှစ်ပတ်လည် လုပ်ငန်းစဉ်များ ရှင်းလင်း တင်ပြရာ၌ မော်တော်ယာဉ်
လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ အသင်းဝင် အဝေးပြေး
မှန်လုံယာဉ် ၁၆၃ စီး၊ မြို့ပြင် ကျေးလက် ပြေးဆွဲ ဒိုင်နာယာဉ် ၁၃၉ စီး၊
မြို့တွင်းပြေး သုံးဘီး ဆိုင်ကယ် ၇၇ စီး စုစုပေါင်း ၂၁၆ စီး ရှိပါကြောင်း၊
ထို့ကြောင့် ခရီးသွား ပြည်သူများ ဘေးကင်းရန်ကွာ သွားလာနိုင်ရေး၊
လမ်းပန်းဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် ကြိုးပမ်း ဆောင်ရွက်ရာ၌
အခက်အခဲများ ကြုံတွေ့ရသော်လည်း အဖွဲ့ဝင် အချင်းချင်း စည်းလုံး ညီညွတ်စွာ
ဖြေရှင်းနိုင်မှုကြောင့် အောင်မြင်မှုများ ရှိပါကြောင်း၊ ထို့ပြင်
ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်မှူးများနှင့် ၎င်းတို့
မိသားစု အတွက်ပါ သက်သာ ချောင်ချိရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စများကိုလည်း
စွမ်းအားရှိသမျှ ထောက်ပံ့ကူညီ ရပါကြောင်း၊ အထူး လိုအပ်ချက် ဖြစ်သော
အသင်းဝင် သားသမီးများ၏ ပညာရေး ကူညီထောက်ပံ့မှုကို တိုးချဲ့ ဆောင်ရွက်ရာ၌လည်း
အသင်းဝင်များ ကိုယ်တိုင် ဝိုင်းဝန်း ကူညီမှုဖြင့် ဆောင်ရွက်ရခြင်း
ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားပြီး အသင်းဝင်များ ကိုယ်စား
ဦးခင်မောင်ရင်က အသင်း တိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းများ တိုးချဲ့ရန်
အကြံပြု ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ တက္ကသိုလ်ဝင် စာမေးပွဲတွင်
ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ချွန် ဆုများ ချီးမြှင့် ပေးခဲ့ပြီး
၂ဝ၁၃- ၂ဝ၁၄ ခုနှစ် ပညာ သင်ယူနေကြသော ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊
ယာဉ်နောက်လိုက်၊ ဂိတ်မှူးများ၏ သားသမီး ၁၄၄ ဦး တို့အား မူလတန်း အဆင့်၊
အလယ်တန်း အဆင့်၊ အထက်တန်း အဆင့် သတ်မှတ်၍ ထောက်ပံ့ငွေ ကျပ် ၁ဝ သိန်းကို
သက်ဆိုင်ရာ ဂိတ်မှူးများက အသီးသီး ပေးအပ်ကြကြောင်း သိရသည်။
No comments:
Post a Comment