Tuesday, August 13, 2013

နိုင်ငံတကာ ဈေးကွက်သို့ တန်းနိမ့်ဆန် တင်ပို့ခြင်းထက် ပေါ်ဆန်းဆန် တင်ပို့နိုင်က ဈေးကွက်ဝေစု ပိုမိုရရှိနိုင်

Photo: နိုင်ငံတကာ ဈေးကွက်သို့ တန်းနိမ့်ဆန် တင်ပို့ခြင်းထက် ပေါ်ဆန်းဆန် တင်ပို့နိုင်က ဈေးကွက်ဝေစု ပိုမိုရရှိနိုင်
Wednesday, August 14, 2013

မြန်မာနိုင်ငံသည် ဆန်စပါး တင်ပို့ရာတွင် နိုင်ငံတကာဈေးကွက် ပိုမိုရရှိရန် တန်းနိမ့်ဆန် ပုလဲသွယ်စပ် မျိုးစပါး စိုက်ပျိုးခြင်းထက် ကမ္ဘာ့အဆင့်မီ မျိုးကောင်းမျိုးသန့် ပေါ်ဆန်းဆန် စိုက်ပျိုးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း၏ အကြံပေး စိုက်ပျိုးရေးပညာရှင် ဦးဘဟိန်းက ပြောကြားသည်။

"ပုလဲသွယ်စပ်မျိုးစပါးက စားသုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဆန်ကပူရင် ထမနှဲ၊ အေးရင်ကျောက်ခဲလို့ ဆိုလို့ရတယ်။ ဒီဆန်ကို ၀ယ်တာက တရုတ်က အရက်ချက်ဖို့လောက်ပဲ ၀ယ်တာ။ အခုဆိုရင် တရုတ်ဘက်က အ၀ယ်ရပ်လိုက်တော့ ဒီဆန်ကို ဘယ်ကိုမှ ပို့လို့မရတော့ဘူး။ အဲဒီဆန်ကို ၀ယ်လက်မရှိဘဲနဲ့ တိုးချဲ့စိုက်မယ်ဆိုရင် ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး။ ဒီဆန်အမျိုးအစားထက် တန်းမြင့်ဆန်ပေါ်ဆန်းကို ဆည်ရေသောက် ဧရိယာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းလို နေရာတွေမှာ တိုးချဲ့စိုက်ပျိုးရင် ပိုပြီးတော့တောင် အကျိုးဖြစ်နိုင်တယ်" ဟု ဦးဘဟိန်းက ပြောကြားသည်။

ပုလဲသွယ်စပ် မျိုးစပါးသည် စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာ အလွန်အကျွံ အသုံးပြုရခြင်း၊ ပိုးမွှားပြန့်ပွားမှု များပြားခြင်း၊ မှိုရောဂါများ ဖြစ်တတ်သဖြင့် စိုက်ပျိုးရန် ခက်ခဲသော စပါးမျိုးဖြစ်ကြောင်း သိရသည်။

ပေါ်ဆန်းအမျိုးအစားများထဲတွင် ပေါ်ဆန်းဘေးကြားသည် ရေငန်အ၀င်အထွက်တွင် ပေါက်ရောက်သဖြင့် ဓာတ်မြေသြဇာကို သုံးစွဲရန် မလိုအပ်ဘဲ organic farming စိုက်ပျိုးနိုင်သဖြင့် organic rice အား ဂျပန်၊ ဥရောပနိုင်ငံများနှင့် အရှေ့အာရှ နိုင်ငံများဖြစ်သော စော်ဘွားနိုင်ငံများသို့ ဈေးကောင်းဖြင့် တင်ပို့နိုင်ကြောင်း သိရသည်။

"ပေါ်ဆန်းစိုက်ပျိုးတဲ့ ရွှေဘို၊ မယ်ဇလီ၊ ပျဉ်တောင်၊ အိမ်မဲတို့မှာစိုက်တဲ့ ဆန်တွေက DNA အတူတူပဲ။ ဒါပေမဲ့ ဘေးကြားပေါ်ဆန်းက ရေချိုရေငန်စပ်မှာ ပေါက်တဲ့အတွက် ဓာတ်မြေသြဇာ သုံးဖို့မလိုဘူး။ organic rice ကို တင်ပို့လို့ ရတယ်။ အဲဒီအမျိုးအစားက မြစ်ဝကျွန်းပေါ်မှာ ဖြစ်ထွန်းတာ။ အဲဒီမှာကလည်း စိုက်ဧက တစ်သိန်းလောက်ပဲရှိတော့ တကယ်စိုက်ပြီး တင်ပို့မယ်ဆိုရင်တောင် ပြည်ပနိုင်ငံတွေက မှာတာနဲ့တင် လိုသလောက် မတင်ပို့နိုင်တဲ့ အခြေအနေတောင် ဖြစ်နိုင်တယ်။ ခုက စိုက်ပျိုးရင် ဖြစ်ထွန်းနိုင်တဲ့ မျိုးကိုမစိုက်ဘဲနဲ့ စားသုံးလို့မရတဲ့ ပုလဲသွယ်ကို စိုက်နေတာက လုံးဝကို မဖြစ်သင့်ဘူး" ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် ဒေသတွင်း ဆန်တင်ပို့မှု အများဆုံး နိုင်ငံများတွင် ပါဝင်နေပြီး မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၀ ပြည့်နှစ်တွင် ကမ္ဘာ့အကောင်းဆုံး ဆန်အဖြစ် တတိယဆု ရရှိခဲ့ပြီး ၂၀၁၁ နိုဝင်ဘာလက ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် မြန်မာ့ပုလဲဆန်ဟု တင်စားခေါ်ဝေါ်ခဲ့သော ပေါ်ဆန်းဆန်ဖြူသည် ထိုင်းနိုင်ငံ၏ နာမည်ကြီးဆန်ဖြစ်သော jasmine rice ထက် ကျော်လွန်ကာ ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

ပေါ်ဆန်းစပါး စိုက်ပျိုးနိုင်သည့် ပွင့်ဖြူမြို့နယ်ရှိ လယ်ယာများကို တွေ့ရစဉ်

No comments:

Post a Comment