Sunday, August 11, 2013

နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူ ကလေးမြို့ လူမှုရေးအသင်း တွင် ဟောပြောမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အခြေစိုက် ကာယကံမေတ္တာ လူမှုကူညီရေး အသင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက လာရောက် ဟောပြော မည် ဖြစ်ကြောင်း ကာယကံ မေတ္တာအသင်း ဦးဆောင်ဆရာတော် ဘဒ္ဒန္တဓမ္မိက (ပညာဒါန) က The Voice သို့ မိန့်ကြားသည်။

အဆိုပါဟောပြောပွဲကို သြဂုတ်လ ၁၁ ရက်နေ့ ည ၇ နာရီတွင် ကလေးမြို့ အောင်မင်္ဂလာဇာတ်ရုံ၌ ကျင်းပမည် ဖြစ်သည်။



“ဘုန်းကြီးတို့အသင်းရဲ့ နှစ်စဉ် အထိမ်းအမှတ်ပွဲတွေမှာ စာပေဟောပြောပွဲ၊ အသိအမြင် ဖွင့်ဟောပြောပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ လာမယ့်မျိုးဆက်သစ်တွေ အသိအလိမ္မာတိုးပြီး ဒေသကောင်း ကျိုး ဆောင်ရွက်စေနိုင်ဖို့ ရည်ရွယ်တယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

အဆိုပါအသင်းကို ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အရေးပေါ်လူနာများ၊ နာရေးကိစ္စများကို ကူညီပေးခြင်း (အရေးပေါ်ယာဉ်၊ အောက်ဆီဂျင်နှင့် ချွဲစုပ်စက်)၊ နွမ်းပါးသက်ကြီး ရွယ်အိုများကို စောင့်ရှောက်ခြင်း၊ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်လှစ်ပေးခြင်း၊ သွေးလှူရှင်အသင်း တည်ထောင်ပေးခြင်းတို့ ပြုလုပ်ပေးနေကြောင်း အဆိုပါအသင်းထံမှ သိရှိရသည်။

“နွမ်းပါးသက်ကြီးရွယ်အို ၂၀ ဦးကို အပတ်စဉ် အိမ်တိုင်ရာရောက် သွားရောက်ပြီး ကူညီလှူဒါန်းပေးပါတယ်။ ဒီအလုပ်ကို ၂၀၁၁ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ခုထိ အကြိမ်ရေ နှစ်ထောင်နီးပါး သွားရောက် ကုသိုလ်ပြုနိုင်ခဲ့ပါတယ်” ဟု အဆိုပါအသင်းဝင် လူငယ်တစ်ဦးက ဆိုသည်။

ကာယကံမေတ္တာ လူမှုကူညီရေးအသင်း အနေနှင့် ၁၂ နှစ်တာကာလအတွင်း အရေးပေါ် လူနာတင်ယာဉ်ဖြင့် မြို့တွင်းမြို့ပြင် ၅၆၄၅ ကြိမ်၊ အောက်ဆီဂျင်ဘူး ကူညီမှု ၁၂,၈၈၄ ကြိမ်၊ ချွဲစုပ်စက် ကူညီမှု ၆၆ ကြိမ်တို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း အဆိုပါအသင်း မှတ်တမ်းများအရ သိရသည်။

မြတ် (ကလေး)
The Voice Weekly

No comments:

Post a Comment