တရားမဝင် နိုင်ငံသား စိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင် ထားသည်ဟုဆိုကာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ အသက် ၂၀ ဝန်းကျင် အရွယ် ကမန်
လူမျိုးနှစ်ဦးကို အမှုတည်ဆောက်ပြီး လာမည့် သီတင်းပတ်တွင် မြို့နယ်
တရားရုံးတွင် တရားစွဲ တင်ရန် စီစဉ်လျက် ရှိကြောင်း ပြည်မြို့ မြို့မ
ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
မှတ်ပုံတင် အတု ကိုင်ဆောင်ထားသူ အိမ်ပြေး လူငယ်နှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့ပြီး စခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ရာ မှတ်ပုံတင်အတု လုပ်ပေးခဲ့သူကို စုံစမ်းဖော်ထုတ်နေကြောင်း အမှုစစ်အရာရှိ ဒုရဲအုပ်နိုင်မင်းဝေက ဆိုသည်။
သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၏ သတင်းပေးမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့က မြို့သစ်တွင် နေထိုင်ကြသည့် ၎င်းတို့နှစ်ဦးကို ခေါ်ယူမေးမြန်း စုံစမ်းရာတွင် နိုင်ငံသားကတ် တရားမဝင် ပြုလုပ်ထား သည်ကို တွေ့ရှိရသဖြင့် ပြည်မြို့ မြို့မ ရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်ဟု ပြည်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ၎င်းတို့ အမှုကို ပုဒ်မ ၄၂၀၊ ၄၆၈ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး လက်ရှိတွင် ပြည်အကျဉ်းထောင်တွင် ထိန်းသိမ်း ထားကြောင်း ပြည်မြို့ မြို့မရဲစခန်းက စုံစမ်းသိရှိရသည်။

No comments:
Post a Comment