မစ်ရေကြီး မှုကြောင့် ငါးရက်တိုင်တိုင် ရေဘေးဒဏ်ခံ ထားရသော
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများကို အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ငွေကျပ် ၇၅
သိန်း လှူဒါန်း လိုက်ကြောင်း အဆိုပါ ပါတီမှ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ
ခင်ဆောင်က ပြောကြားသည်။
အဆိုပါ အလှူငွေ များကို သြဂုတ်လ ၈ ရက်နေ့က ရေဘေးဒဏ်သင့်မြို့များရှိ NLD ပါတီရုံးများသို့ ပေးပို့ထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ အဆိုပါ ကျပ် ၇၅သိန်းမှာ မွန်ပြည်နယ်အတွက်၂၅ သိန်းနှင့် ကရင်ပြည်နယ်အတွက် ကျပ်သိန်းငါးဆယ် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းခဲ့သော အလှူငွေများကို ရေဘေးဒုက္ခ အဆိုးဆုံး ကြုံတွေ့နေရသည့် မြို့နယ်များကို ပေးအပ်သွားမည် ဖြစ်ကြောင်း ဒေါက်တာခင်ဆောင်က ရှင်းပြသည်။ “ဒုက္ခသည်စခန်းအများစု သောက်ရေအခက်ခဲ တွေ့နေတယ်” ဟု ကျိုက်မရော မြို့နယ်မှ မြို့ခံတစ်ဦးက ပြောဆိုသည်။
မွန်ပြည်နယ်တွင် ဘီးလင်းမြို့၊ ကျိုက်မရောမြို့၊ ရေးမြို့နှင့် ဒူးရင်းဆိပ်ကျေးရွာ တို့တွင် ရေဘေးဒဏ် သင့်ခဲ့ပြီး ကရင်ပြည်နယ်တွင် ဘားအံ၊ မြဝတီ၊ ကောကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့စသည့် မြို့နယ်များတွင် ရေဘေးကြောင့် ဒုက္ခသည် နှစ်သောင်း ငါးထောင်နီးပါး ရှိကြောင်း သက်ဆိုင်ရာ ပြည်နယ် အစိုးရများက ထုတ်ပြန်ထားသည်။ သြဂုတ်လ ၆ ရက်နေ့တွင် NLD ပါတီက ကရင်ပြည်နယ်ရှိ ရေဘေး ဒုက္ခသည်များသို့ ဆန်အိတ် တစ်ထောင်ခန့် ပေးပို့ လှူဒါန်းထားသည်။

No comments:
Post a Comment