တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဈေးနှုန်း ချိုသာသော အိမ်ရာ စီမံကိန်း များ ဆောက်လုပ်ရန်အတွက် နိုင်ငံတော် ရန်ပုံငွေများအနက်
ဒေါ်လာ ၉၄၈ သန်း (ယွမ်ငွေ ၅ ဒသမ ၈ ဘီလီယံ) နီးပါးခန့် အလွဲသုံးစား
ပြုခံရသည်ကို စစ်ဆေး တွေ့ရှိရသည်ဟု တရုတ် ထိပ်တန်း စာရင်းစစ်
အာဏာပိုင်အဖွဲ့ က ပြောကြားလိုက်ကြောင်း The China Daily သတင်းစာ က ရေးသား
ဖော်ပြသည်။
အဆိုပါ အလွဲသုံးစား ပြုခံရသော ငွေများသည် ၂၀၁၂ ခုနှစ်အတွက် တန်ဖိုး ချိုသာသော အိမ်ရာ စီမံကိန်းများ ရန်ပုံငွေမှ ဖြစ်ပြီး အကြွေးပေးရန်၊ ရင်းနှီးမြှုပ်နှံမှု ပြုရန် သို့မဟုတ် ငွေသား စီးဆင်းမှု (Cash Flow) ကို အမှားအယွင်း မဖြစ်စေရန် အလွဲသုံးစား ပြုခဲ့ခြင်း ဖြစ်သည်ဟု တရုတ် အမျိုးသား စာရင်းစစ်ချုပ် ရုံးက သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
အဆိုပါ စာရင်းစစ်ချုပ် ရုံးမှ စာရင်းစစ် အရာရှိ ၂၀၀၀၀ ခန့်သည် ပြီးခဲ့သည့် နိုဝင်ဘာလမှ ယခုနှစ် မတ်လအထိ နိုင်ငံတစ်ဝန်း မြို့ပေါင်း ၃၉၁ မြို့နှင့် ခရိုင်ပေါင်း ၂၅၄၆ ခရိုင်တွင် စာရင်းစစ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ၃၄၂၀၀၊ အစိုးရ အဖွဲ့အစည်းပေါင်း ၂၆၄၀၀ နှင့် ကုမ္ပဏီများကို စစ်ဆေးခဲ့ကြသကဲ့သို့ နေအိမ်ပေါင်း ၂၄၈၅၀၀ ခန့်ကိုလည်း စစ်ဆေးခဲ့ ကြကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူများ က ပြောကြားသည်။
ထိုသို့ စစ်ဆေးရာတွင် စီမံကိန်း ၁၂ ခု၌ စတုရန်းမီတာ လေးသိန်းကျော်ခန့် မှာ အဖိုးနည်း အိမ်ရာ အတွက် အသုံးပြုထားခြင်း မရှိဘဲ စီးပွားရေး လုပ်ငန်း များအတွက် အသုံးပြုထားသည်ကို တွေ့ရှိရပြီး မိသားစုပေါင်း တစ်သိန်းကျော်ခန့် ယင်းသို့ မျှတမှု မရှိသည့် အခြေအနေကို ဖုံးကွယ်ရန် စာရွက် စာတမ်း အတုများ ထုတ်ပေးခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း စာရင်းစစ်များက ပြောကြားကြသည်။
တရုတ်နိုင်ငံ၏ မူဝါဒအရ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၁၈၃၀၀ သည် ဝင်ငွေ နိမ့်ကျသော ပြည်သူများအတွက် အရန် ထားရှိရန် ဖြစ်သော် လည်း ဆောက်လုပ်ရေး ကုမ္ပဏီ ၃၄ ခုက ၎င်းတို့၏ အကျိုးအမြတ် အလို့ငှာ မြင့်မားသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြကြောင်း၊ တိုက်ခန်းပေါင်း ၅၄၀၀ ခန့် မှာလည်း အစိုးရ၏ ဥပဒေနှင့် ဆန့်ကျင်သည့် အနေအထားဖြင့် ရောင်းချခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း ယင်း စာရင်းစစ်များက ဆိုသည်။
တရုတ်နိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း တန်ဖိုးနည်း အိမ်ပေါင်း ၃၆ သန်း ဆောက်လုပ် သွားရန် စီစဉ်ထားသည်။
ဇူလိုင်လတွင်း ဈေးနှုန်းများအရ တရုတ်နိုင်ငံ၏ အိမ်ဈေးနှုန်းများမှာ တစ် စတုရန်းမီတာလျှင် ယွမ်ငွေ ပျမ်းမျှ ၁၀၃၀၀ ခန့် ရှိသည်။
The Voice Weekly

No comments:
Post a Comment