အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
ယူဆောင်သွားသော ရေနံချောင်းမြို့ အမှတ်(၁) အထက်တန်း ကျောင်းမှ
ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်ကို ပြန်မပို့ပါက ရေနံချောင်းမြို့သို့
ကြွရောက်မည် မဟုတ်ဟု မိန့်ကြားထားသော ဆရာတော် အရှင်ဆန္ဒာဓိကသည်
မြို့ခံများ၏ ဆန္ဒအရ ပြန်လည် ကြွရောက်မည် ဖြစ်ကြောင်း ဆရာတော်၏
ဒါယကာတစ်ဦးဖြစ်သူ ဦးကျော်လွင်က The Voice သို့ ပြောကြားသည်။
ယင်းလက်ရေးမူကို ရေနံချောင်းမြို့သို့ ပြန်မပို့ပါက ဆန္ဒထုတ်ဖော်သည့် အနေနှင့် ရေနံချောင်းမြို့တွင် နှစ်စဉ်ပြုလုပ်သော ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲသို့ ကြွရောက်တော့မည် မဟုတ်ကြောင်း၊ ရေနံချောင်းမြို့ အထက(၁) ကျောင်းဘက်ကိုလည်း လုံးဝ ခြေဦးလှည့်မည် မဟုတ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိကက ဇူလိုင်လအတွင်း မိန့်ကြားထားသည်။
“မြို့ခံတွေက ပြန်ကြွစေချင်တယ် ဆိုတာကို ဆရာတော်ထံ လျှောက်ထားတယ်။ ပြန်ကြွမှာပါ” ဟု ဦးကျော်လွင်က ဆိုသည်။
မြို့ခံများ၏ ဆန္ဒအရ ယင်းလက်ရေးမူ စာအုပ်ကို စက်တင်ဘာလ အတွင်း ရေနံချောင်းမြို့သို့ ပြန်ပို့မည်ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ကတိပြုထားကြောင်း မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ငြိမ်းက သြဂုတ်လ ၉ရက်နေ့တွင်ဒေသခံများကို ပြောကြားထားသည်။
ရေနံချောင်းမြို့ အမှတ်(၁) အထက်တန်းကျောင်း စာကြည့်တိုက်တွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းထားသော ယင်းလက်ရေးမူစာအုပ်ကို ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် ပါဠိဘာသာနှင့် အင်္ဂလိပ်စာပေတို့ကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အတန်းဖော်အဖြစ် သင်ယူခဲ့သည့် ထိုစဉ်က အထက (၁) ကျောင်းအုပ်ဆရာကြီး တာဝန်ထမ်းဆောင်နေသော ဆရာဦးကျင်စိန်က ၁၉၆၂ ခုနှစ်တွင် အထက (၁) ကျောင်းဘာသာရပ်ပြပွဲတွင် သမိုင်းဆိုင်ရာ ပြခန်း၌ ခင်းကျင်းပြသရန် ယင်းစာအုပ်ကို ကျောင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပါဠိဘာသာ လက်ရေးမူစာအုပ်ကို ခေတ် အဆက်ဆက်ဆရာ၊ ဆရာမများက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားခြင်း ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment