Sunday, August 11, 2013

မကွေးမြို့ မြို့တော်ခန်းမ မျက်နှာကြက်နှင့် ခေါင်မိုး ရုတ်တရက် ပြိုကျ ပျက်စီးခဲ့၍ သက်ဆိုင်ရာမှ အမြန်ဆုံး ပြန်လည်မွမ်းမံရန် ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး မကွေးမြို့ မြို့တော်ခန်းမကို  ပြည်တော်သာ ရပ်ကွက်အတွင်းရှိ အကျယ်အဝန်း ၁ ဒသမ ၅၄၄ ဧကပေါ်၌ တည်ဆောက် ထားပြီး
သြဂုတ် ၈ ရက် ညနေ ၆ နာရီခွဲက အဆိုပါ ခန်းမ အဆောက်အအုံ အတွင်းပိုင်းသည် ရှေ့နောက် ဘေးနံရံ မထိဘဲ အပေါ်ပိုင်း မျက်နှာကြက်နှင့် အမိုးပိုင်း ထုပ်ဒိုင်းမြားမှာ အလေးချိန် မခံနိုင်၍ မျက်နှာကြက်မှ တစ်ဆင့် တဖြည်းဖြည်း နိမ့်ဆင်းလာပြီး အတွင်းပိုင်း ပြိုကျ သွားခဲ့ကြောင်းနှင့် လျှပ်စစ်  မီးအန္တရာယ် မဖြစ်စေရန် အတွက်လည်း လျှပ်စစ်မီး ဖြတ်တောက် ခဲ့ရကြောင်း သိရသည်။

အဆိုပါ ခန်းမ မျက်နှာကြက် ပြိုကျ ပျက်စီးမှုနှင့် ပတ်သက်၍ အဆင့်မြင့် မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က တွေ့ဆုံ ရှင်းလင်းပွဲ ကျင်းပရာ မကွေးတိုင်း ဒေသကြီး  စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင်နှင့် မကွေးတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးကြည်ထွန်း၊ ခန်းမ ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီ မြို့မိမြို့ဖ ဦးထွန်းဆိုင်၊ ဦးစိန်ဌေးနှင့် ဦးတင်အောင်၊မြို့နယ်စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြို့နယ် စည်ပင်သာ ယာရေး ကော်မတီဝင် ဦးကျော်ဝင်း၊ ဦးဇေယျနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့မှ ပြောပြခဲ့သည်။ အဆိုပါ  အဆောက်အအုံ ကိုလည်း မကွေး မြသလွန် သီတင်းကျွတ် ဘုရားပွဲတော် မတိုင်မီ  အမြန်ဆုံး တည်ဆောက်နိုင်ရေးနှင့် ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေး အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment