သရုပ်ဆောင် နေတိုး၊ ဝတ်မှုန်ရွှေရည်တို့နှင့်အတူ ၎င်းကိုယ်တိုင် ပါဝင် သရုပ်ဆောင်မည့် အနုဗစ်စ် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ အတွင်း ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။
အဆိုပါ ဇာတ်ကားနှင့် ပတ်သက်ပြီး “ဇာတ်လမ်းပုံစံက သရဲကား ပုံစံလေး ပါပဲ။ ခေတ်ပေါ်ကားလေး ပေါ့။ ဇာတ်လမ်းကတော့ ကိုယ်ကိုယ်တိုင် စိတ်ကူး ထားတဲ့ ဇာတ်ဖရိမ်ကို ကိုမင်းခိုက်စိုးစန်ကို ဝတ္ထု၊ ဇာတ်ညွှန်း ပြန်ရေးခိုင်း ထားတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆင်ဆာ လွတ်လပ်ခွင့်အချို့ လျှော့ပေါ့ပေးလိုက်ပြီးနောက် သရဲကားများ ရိုက်ကူးလာကြသော်လည်း ပရိသတ် လက်ခံ အားပေးမှု ရရှိသော ဇာတ်ကားများ နည်းပါးလျက် ရှိရခြင်းမှာ စက်ပစ္စည်းပိုင်း၊ မီး အလင်းအမှောင်ပိုင်း၊ အထူးပြုလုပ်ချက် အပိုင်း၊ အသံပိုင်း စသည်ဖြင့် လိုအပ်ချက်များစွာကြောင့် ဖြစ်ကြောင်း သရုပ်ဆောင် နေတိုးက သုံးသပ် ပြောကြားသည်။
မိုင်တိုင် ၂၆ သရဲကားဖြင့် အောင်မြင်မှု ရရှိနေသော သရုပ်ဆောင် ခွန်းဆင့်နေခြည်ကလည်း မြန်မာ သရဲကားများကို ပရိသတ် စိတ်ဝင်စားမှု ရှိအောင် ဖန်တီးရန်မှာ ဒါရိုက်တာနှင့် သရုပ်ဆောင်များအပေါ် မူတည်ကြောင်း၊ ဇာတ်ကား တစ်ကားကို သရဲကား ဖြစ်ရင်ပြီးရော ပုံစံမျိုးဖြင့် မရိုက်ဘဲ၊ ပရိသတ် ရင်ထဲက ခံစားမှုနှင့် ထပ်တူကျစေမည့် အနေအထား မျိုး ရောက်အောင် ကြိုးစား ရိုက်ကူးပါက အားပေးကြမည်ပင် ဖြစ်ကြောင်း သူ၏ အမြင်ကို ဖွင့်ဟသည်။
မြန်မာနိုင်င်ငံရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် မကြာသေးမီက ရုံတင် ပြသ ခဲ့သော ထိုင်းသူရဲကား Pee Mak မှာ အချိန် အတော်ကြာ ရုံတင်ခဲ့ ရပြီး အောင်မြင်မှု ရရှိခဲ့သည်။
The Voice Weekly

No comments:
Post a Comment