Tuesday, August 13, 2013

မုံရွာစက်မှုဇုန် အခမဲ့ဆေးခန်းသို့ One More အဖွဲ့ ကျပ်သိန်း ၂၀ လှူ

Photo: မုံရွာစက်မှုဇုန် အခမဲ့ဆေးခန်းသို့ One More အဖွဲ့ ကျပ်သိန်း ၂၀ လှူ
Tuesday, August 13, 2013

လူတစ်ဦးလျှင် တစ်လကျပ်တစ်ထောင် ထည့်ဝင်ပြီး လစဉ်ရရှိသည့် အလှူငွေများ အားလုံးအား မြန်မာနိုင်ငံတစ်ဝန်းရှိ လိုအပ်သည့် နေရာများသို့ လှူဒါန်းနေသည့် ရန်ကုန်ခြေစိုက် One More အဖွဲ့က သြဂုတ်လ ၁၁ ရက်နေ့တွင် မုံရွာစက်မှုဇုန် အခမဲ့ဆေးခန်းသို့ ငွေကျပ်သိန်း၂၀ လှူဒါန်း ခဲ့ကြောင်း မုံရွာစက်မှုဇုန် ဆေးခန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀ ကို One More အဖွဲ့ စတင်ခဲ့သူများဟု ဆိုရမည့် ကာတွန်းဆရာ အော်ပီကျယ်နှင့် စာရေးဆရာ မောင်သာချိုတို့က မုံရွာမြို့သို့ စာပေဟောပြောအတွက် ရောက်ရှိနေစဉ် ဆေးခန်းသို့ လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

One More အဖွဲ့၏ မုံရွာမြို့ပေါ်တွင် လှူဒါန်းမှုမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ယင်းအဖွဲ့မှာ သဘာဝဘေးသင့် ဒေသများနှင့် လိုအပ်သည့် နေရာများသို့ လစဉ်လှူဒါန်းမှု ပြုလုပ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

မုံရွာစက်မှုဇုန် ဆေးခန်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့ပြီး နေ့စဉ်လူနာပေါင်း ၁၀၀ နီးပါးခန့်ကို အခမဲ့ ဆေးဝါးကုသမှု ပေးနေကာ ဆေးခန်းအသုံးစရိတ်မှာ လစဉ် ငွေကျပ် ၂၈ သိန်းနှင့် သိန်း ၃၀ နီးပါး ကုန်ကျကြောင်း ယင်းဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment