Tuesday, August 13, 2013

မန္တလေး Novotel ဟိုတယ် ၂၀၁၅ တွင် ဖွင့်မည်

Photo: မန္တလေး Novotel ဟိုတယ် ၂၀၁၅ တွင် ဖွင့်မည်
Tuesday, August 13, 2013

မန္တလေးမြို့တွင် ဆောက်လုပ်နေသော Novotel Hotel (Mandalay) ကို ၂၀၁၅ နှစ်ဦးပိုင်းတွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါဟိုတယ် ဆောက်လုပ်သည့် CAD ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။

အဆိုပါဟိုတယ်တွင် အခန်းပေါင်း ၃၆၅ ခန်းပါဝင်ပြီး အထပ်ပေါင်း ၁၂ ထပ် ပါဝင်ကာ New Star Light နှင့် CAD Construction ကုမ္ပဏီတို့က ယခုနှစ် ဇူလိုင်လ လဆန်းပိုင်းက စတင်၍ တည် ဆောက်နေကြောင်း ၎င်းကဆိုသည်။

“ဟိုတယ်ရဲ့ပုံစံကိုတော့ မန္တလေးရဲ့ ပုံရိပ်ကို ပေါ်လွင်အောင် လုပ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

Novotel Hotel (Mandalay) ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား ၇၃ လမ်းပေါ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ New Star Light နှင့် CAD ဆောက်လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည် ဖော်နေသော မင်္ဂလာမန္တလေး အဆင့်မြင့် မြို့ပြစီမံကိန်း ဧရိယာအတွင်း ဆောက်လုပ်နေကြောင်း CAD ကုမ္ပဏီထံမှ သိရသည်။

ထို့အပြင် ဟိုတယ်အတွက် ဝန်ထမ်းများကို ရှစ်လကြိုတင် ခေါ်ယူသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်လယ်ခန့်တွင် စတင်ခေါ်ယူမည် ဖြစ်ကြောင်း ဦးဇင်မင်းဆွေက ပြောကြားသည်။

အဆိုပါ Novotel Hotel (Mandalay) ကိုပိုင်ဆိုင်သည့် Regal Hospitality က ဟိုတယ်၏ စီမံခန့်ခွဲမှု အပိုင်းကို စီမံဆောင်ရွက်မည်ဖြစ်ပြီး ဟိုတယ်လုပ်ငန်း လည်ပတ်မှုကို ပြင်သစ်ကုမ္ပဏီ ACCOR Hospitality က တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း CAD ကုမ္ပဏီထံမှ သိရသည်။

ထို့အပြင် ACCOR Hospitality ကပင် ဟိုတယ်လုပ်ငန်း လည်ပတ်မှုကို တာဝန်ယူ ဆောင်ရွက်မည့် Novotel Yangon ဟိုတယ်ကိုလည်း ၂၀၁၄ ခုနှစ် မတ်လတွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါဟိုတယ်ကို တည်ဆောက်နေသည့် မက်စ်မြန်မာအုပ်စုထံမှ သိရသည်။

ပြင်သစ်အခြေစိုက် ACCOR အုပ်စုသည် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်မည့် ဟိုတယ်သုံးခု၏ လုပ်ငန်းလည်ပတ်မှုကို စီမံခန့်ခွဲမည် ဖြစ်ကြောင်း ဖေဖော်ဝါရီလက ကြေညာသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်ကဏ္ဍတွင် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၈၅ ဒသမ ၈၁၁ သန်းရှိပြီး ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၈၃၃၄၈ ဒသမ ၄၀ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment