Monday, August 12, 2013

EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာရန် အဓိကကျသည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့နိုင်ရေး မကြာမီ ဆောင်ရွက်သွားမည်

Photo: EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာရန် အဓိကကျသည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့နိုင်ရေး မကြာမီ ဆောင်ရွက်သွားမည်
Tuesday, August 13, 2013

မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာရန် အဓိကကျသည့် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် လိုအပ်လျက်ရှိရာ ယင်းအဖွဲ့ကို မကြာမီ ကာလအတွင်း ဖွဲ့စည်းရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတကိုယ်တိုင် ဖွဲ့စည်းပေးထားသည့် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

EITI (Extractive Industry Transparency Initiative) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန်အတွက် ကနဦးအနေဖြင့် ယခုနှစ် ဒီဇင်ဘာလအတွင်း EITI အဖွဲ့ဝင်လောင်းအဖြစ် ပါဝင်နိုင်ရန် ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတက ချမှတ်ထားပြီး ထိုသို့ အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာစေရန်အတွက် စည်းကမ်းချက် ငါးချက်နှင့် ကိုက်ညီရမည်ဖြစ်ကာ ယင်းစည်းကမ်းချက်များထဲမှ တစ်ခုဖြစ်သည့် အစိုးရ၊ သယံဇာတ သတ္တုတူးဖော်သည့် ကုမ္ပဏီ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်သည့် ညွန့်ပေါင်းအဖွဲ့ကို ဖွဲ့စည်းရန် လိုအပ်ကြောင်း သိရသည်။

ယင်းညွန့်ပေါင်း အဖွဲ့ကို ဖွဲ့စည်းရန် မကြာမီ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပြီးပါက အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်ရန် လွယ်ကူသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုလ အတွင်း၌လည်း အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့ဘက်ကလည်း ဖွဲ့စည်းရန်အတွက် သဘောတူညီခဲ့ကြကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။

EITI (Extractive Industry Transparency Initiative) ဖွဲ့တယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာပဲ ဖွဲ့ကြတာပါ။ အဲဒါက သယံဇာတက ရရှိတဲ့ ငွေတွေကို ထင်သာ၊ မြင်သာရှိအောင် ဆောင်ရွက်တာ ဖြစ်တယ်။ တချို့နိုင်ငံတွေမှာ ထင်သာမြင်သာ မရှိတဲ့အတွက် ငွေတွေပျောက်သွားပြီး ပြည်သူတွေ အကျိုးမခံစားရဘူး။ အဖွဲ့ဝင်အဖြစ် ပါမယ်ဆိုရင် ဘယ်ကရတယ်၊ ဘယ်လောက်ရတယ် ဆိုတာကို ဖော်ပြရမယ်။ အဲလိုဖော်ပြတဲ့ အခါမှာ အစိုးရကပဲ ဖော်ပြရုံနဲ့ မပြီးဘူး။ သယံဇာတတူးတဲ့ ကုမ္ပဏီတွေက စာရင်းတွေ၊ အစိုးရကပြတဲ့ စာရင်းတွေနဲ့ တိုက်ကြည့်တယ်။ လိုအပ်ရင် နိုင်ငံတကာ စာရင်းစစ်တွေကလည်း စစ်ဦးမယ်။ တစ်နည်းအားဖြင့် တစ်ရာရရ၊ တစ်ထောင်ရရပေါ်မယ်။ ပြည်သူတွေ အနေနဲ့လည်း သယံဇာတက ဘယ်လောက်ရတယ် ဆိုတာသိမယ်။ သူတို့ အကျိုးအတွက်လည်း သုံးလို့ရမယ်'' ဟု ဒေါက်တာမောင်မောင်သိမ်းက ဆက်လက် ပြောကြားသည်။

၂၀၀၂ ခုနှစ်မှ စတင်ကာ ကမ္ဘာ့နိုင်ငံများတွင် EITI စနစ်ကို ကျင့်သုံးခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း၂၃ နိုင်ငံသည် EITI ကို လိုက်နာသော နိုင်ငံများဖြစ်ကြပြီး ၁၆ နိုင်ငံသည် EITI အဖွဲ့ဝင်လောင်းအဆင့် ရရှိထားသော နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း EITI အကောင်အထည်ဖော်ရန် ကြေညာထားသော နိုင်ငံတွင် ပါဝင်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment