နှစ်လနီးပါး ပိတ်မိနေသော ဖားကန့်-ဆိုင်းတောင် လမ်းပိုင်းမှ ကျောက်စိမ်း ကုန်တင်ကားများ
ဝင်ရောက်လာမှုကြောင့် မန္တလေး ကျောက်စိမ်း ဈေးကွက်တွင် ကုန်ကြမ်း
များပြားလာပြီး အရောင်းအ၀ယ်လည်း ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း
စုံစမ်းသိရသည်။
နှစ်စဉ်မိုးတွင်း ကာလတိုင်း လမ်းပိုင်းပျက်စီးမှုကြောင့် ကုန်တင်ယာဉ်များ ခက်ခဲစွာ သွားလာရလေ့ ရှိသော်လည်း ယခုနှစ် ဇွန်လဆန်းပိုင်း ကတည်းက စတင်ပိတ်မိနေခဲ့ကာ သြဂုတ်လကုန် အတွင်းမှ ကားများပြန်လည် သွားလာနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖားကန့်ဒေသမှ ကျောက်စိမ်း ကားများလည်း အစီးရေ နှစ်ရာနီးပါး ပိတ်မိနေရာမှ ပြန်လည် သွားလာခွင့် ရသဖြင့် ကျောက်စိမ်းကုန်ကြမ်း အများအပြား ဈေးကွက်အတွင်း ၀င်ရောက်နေကြောင်း သိရသည်။
''နေပြည်တော် ပြပွဲပြီးတော့ တရုတ်နိုင်ငံက ကူမင်းပြပွဲနဲ့ ဆက်သွားတော့ ပြပွဲက ကျောက်တွေကလည်း ၀ိုင်းထဲကို မရောက်သေးတဲ့အချိန် ဖားကန့်လမ်းပိုင်း အခြေအနေကြောင့် ကားတွေအစီး ရာကျော်ပိတ်မိလို့ ကုန်ကြမ်းရှားနေခဲ့တာ အခုတော့ အရောင်းအ၀ယ်အားလုံး ပုံမှန်နီးပါး ပြန်ကောင်းမွန် နေပါတယ်။ လမ်းကြောင်းကောင်းလို့ တချို့လည်း မန္တလေးက ကုန်သည်တွေ ဖားကန့် အသွား များကြတယ်'' ဟု ဦးသန့်စင်က ပြောကြားသည်။
လတ်တလော ကျောက်စိမ်းတင်ကားများကို တန်ချိန်လျှော့ တင်ဆောင်ကြောင်းနှင့် ဖြည်းဖြည်းချင်း ကားသွားလာခွင့်ပြုကြောင်း ကျောက်စိမ်းကယ်ရီ သည်သူများ ထံမှလည်း သိရသည်။
Eleven Media Group

No comments:
Post a Comment