Monday, August 12, 2013

ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၁၈ ထပ် အဆောက်အအုံအား ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးနေခြင်း၊ ပုလဲကွန်ဒိုရှေ့တွင် ၃၂ ထပ် အဆောက်အအုံအား City FM Station နှင့် နီးနေခြင်း တို့ကြောင့် ဆောက်လုပ်ခွင့် စဉ်းစားမည် ဟုဆို

Photo: ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၁၈ ထပ် အဆောက်အအုံအား ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးနေခြင်း၊ ပုလဲကွန်ဒိုရှေ့တွင် ၃၂ ထပ် အဆောက်အအုံအား City FM Station နှင့် နီးနေခြင်း တို့ကြောင့် ဆောက်လုပ်ခွင့် စဉ်းစားမည် ဟုဆို
Tuesday, August 13, 2013

အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်တွင် ၁၈ ထပ် တိုက် အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြလာခဲ့ရာ ဆောက်မည့် မြေနေရာမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးနေခြင်း၊ ကမ္ဘာအေး ဘုရားလမ်းပေါ်၌ပင် ပုလဲကွန်ဒိုရှေ့တွင် ၃၂ ထပ် အဆောက်အအုံ ဆောက်ခွင့် တင်လာခြင်းအား City FM Radio Station တို့နှင့် နီးကပ်နေခြင်းကြောင့် ဆောက်လုပ်ခွင့် ပေးသင့်၊ မပေးသင့် စဉ်းစားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သိရသည်။

အမှတ် ၇ ရပ်ကွက်၊ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၁၈ ထပ်နှင့် မြေအောက် (Basement) နှစ်ထပ် ဆောက်လုပ်ခွင့် တင်ပြလာခြင်းဖြစ်ပြီး ယင်းနေရာမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် နီးကပ်နေသောကြောင့် လုံခြုံရေးအရ ဆောက်လုပ်ခွင့်ကို စဉ်းစားခြင်း ဖြစ်သည်ဟု ဆိုသည်။

''အဲဒီ ၁၈ ထပ်တိုက် အဆောက်အအုံ ဆောက်ဖို့တင်လာတဲ့ မြေနေရာက ရန်ကုန်တိုင်း စစ်ဌာနချုပ်နဲ့ နီးနေတဲ့အတွက် လုံခြုံရေး ရှုထောင့်အရ ဆောက်လုပ်ခွင့် ပေးသင့် မပေးသင့် စဉ်းစားသွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ထို့ပြင် အမှတ် ၇၇၊ ကမ္ဘာအေးဘုရား လမ်းပေါ်၊ ပုလဲကွန်ဒိုရှေ့တွင် ၃၂ ထပ်တိုက်နှင့် မြေအောက် (Basement နှစ်ထပ်) အဆောက်အအုံ ဆောက်လုပ်ခွင့် တင်ပြလာခြင်း ကိုလည်း City FM Radio Station နှင့် နီးကပ်နေခြင်းကြောင့် ဆောက်လုပ်ခွင့်ပြုရန် သင့်မသင့်ကို စဉ်းစားဆုံးဖြတ်နိုင်ရန် ပြန်လည်တင်ပြ ထားကြောင်းနှင့် ယင်းအဆောက်အအုံ၏ အမြင့်မှာ သတ်မှတ် ပင်လယ်ရေ မျက်နှာပြင်အထက် ၄၁၇ ပေထက် ကျော်လွန်နေခြင်း ကြောင့်လည်း ပြန်လည်တင်ပြ ထားသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ခေတ်မီ အထပ်မြင့် အဆောက်အအုံကြီးများကို ပြည်တွင်း လုပ်ငန်းရှင်များမှ သော်လည်ကောင်း၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများနှင့် သော်လည်းကောင်း ပေါင်းစပ် ဆောင်ရွက်မှုများကို လျင်မြန်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် အထပ်မြင့် အဆောက်အအုံများအား လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုခြင်းကို ဆောင်ရွက်နိုင်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ စတင်၍ အထပ်မြင့် အဆောက်အအုံ စစ်ဆေးရေး ကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကော်မတီသို့ ဆောက်လုပ်ခွင့် တင်လာသော ရှစ်ထပ်နှင့်အထက် အထပ်မြင့် အဆောက်အအုံ ၆၆ လုံးအနက် ၂၃ လုံးသာ ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ၃၁ လုံးမှာ လိုအပ်ချက်များ ရှိနေ၍ ခွင့်ပြု၍ မရနိုင်ဘဲ စဉ်းစားနေဆဲပင် ဖြစ်သည်။

Eleven Media Group

ပုလဲကွန်ဒိုရှေ့ရှိ ၃၂ ထပ် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

No comments:

Post a Comment