Monday, August 12, 2013

ကျိုင်းတုံမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်


ကျိုင်းတုံမြို့နယ်ရှိ ကျေးရွာများဖြစ်သော ကတ်တောင်ကျေးရွာ၊ ၀မ်ဆောင်ကျေးရွာ၊ မြို့တွင်းရှိရပ်ကွက် (၃၊ ၄) နှင့် လေယာဉ်ကွင်း အနီးရှိ မြို့သစ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၁၀ ရက်တွင် ကတ်ထိုက် ကျေးရွာအုပ်စု၊ ကတ်ဝုန်ကျေးရွာတွင် နန့်ဖူးချောင်းမှ ရေများလျှံထွက်လာပြီး ရေနှင့်အတူ နုန်းမြေများ ပါလာသဖြင့် နေအိမ်များ အတွင်းသို့ နုန်းနှင့်ရေများ ၀င်ရောက်ကာ နစ်မြုပ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''သြဂုတ် ၁၀ ရက် ညနေ ၄ နာရီ လောက်က ရေလျှံတာ အရမ်းမြန်ပါတယ်။ ရွာသားတစ်ဦးက သူ့ပစ္စည်းတွေ လွတ်အောင် ရွှေ့နေတုန်းမှာပဲ ရေရောနုန်းတွေပါ ကျလာပြီး လည်ပင်းလောက်အထိ နစ်သွားတယ်။ ကျွန်တော်တို့ ကယ်ဆယ်ရေး အဖွဲ့တွေ ၀ိုင်းဝန်းဆွဲထုတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရသွားလို့ ဆေးရုံကို အမြန်ပို့ဆောင် ပေးခဲ့ရတယ်'' ဟု ကယ်ဆယ်ရေး အဖွဲ့မှ ရဲတပ်ဖွဲ့ ၀င်တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ညနေ ၄ နာရီခွဲခန့်တွင် လမ်းခင်းရာတွင် အသုံးပြုသည့် ကားနှစ်စီးသည် ရေလျှံသည့် လမ်းပေါ်တွင် သွားလာနေစဉ် နန့်ဖူးချောင်းမှ ရေများတက်လာသဖြင့် ကားနှစ်စီးနှင့်လူများ မျောပါသွားကြောင်း သိရသည်။ မျောပါသွားသော လူနှစ်ဦးတွင် တစ်ဦးမှာ ကျောက်ခွဲသမားဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ရှိအချိန်အထိ စုံစမ်းဆဲ ဖြစ်ကြောင်း နန့်ဖူးချောင်း ရေအားလျှပ်စစ်စက်ရုံမှ တာဝန်ခံ ဦးအာဂျူးက ပြောကြားခဲ့သည်။

မြို့တွင်းတွင်လည်း နမ့်လင်ချောင်းမှ ရေများ တဖြည်းဖြည်း တက်လာ၍ သြဂုတ် ၁၀ ရက် ည ၇ နာရီခန့်တွင် သဲဆိုင်းလမ်း၊ သစ်ခွလမ်း၊ ချယ်ရီလမ်း၊ ခွာညိုလမ်း၊ ကညနရုံးဘက် လမ်းတို့၌လည်း အချို့နေရာများတွင် ရေသုံးပေခန့် မြင့်တက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

နန့်ဖူးချောင်း ရေကြီးရေလျှံမှုများကြောင့် ကျိုင်းတုံမြို့နယ်ရှိ ကားလမ်းပေါ်တွင် ရေလျှံနေသည်ကို တွေ့ရစဉ်

No comments:

Post a Comment