Monday, August 12, 2013

မြန်မာအားကစားကမ္ဘာကိုလွမ်း


ရုရှားနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်မှ ၁၈ ရက်နေ့ထိ ကျင်းပမည့် ကမ္ဘာ့ ချန်ပီယံရှစ် ပြေးခုန်ပစ်ပြိုင်ပွဲ သို့ မြန်မာ ကစားသမား တစ်ဦးသည် မီတာ ၄၀၀ အပြေး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြေး ခုန်ပစ် အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမြသန်းထိုက်က ပြောကြားသည်။


ယင်းပြိုင်ပွဲကို SEA Games အတွက် နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်နေသည့် ပဏာမ မြန်မာ လက်ရွေးစင် ကစားသမား များအနက် လူငယ် ကစားသမား သက်ဇော်ထွေးကို နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ ရစေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ ပြေးခုန်ပစ် အဖွဲ့ချုပ်က စီစဉ် ကျင်းပသည့် ယင်းပြိုင်ပွဲသို့ နိုင်ငံပေါင်း ၂၀၆ နိုင်ငံမှ အားကစားသမားများ ယှဉ်ပြိုင်မည် ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား၂၄ မျိုးအနက် မြန်မာ ကစားသမားက မီတာ ၄၀၀ အပြေး ပြိုင်ပွဲကို ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြေးခုန်ပစ် အားကစား အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

SEA Games ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် ပဏာမ လက်ရွေးစင်များ အနက် ၁၈ ဦးသည် တရုတ် နိုင်ငံတွင် ဇူလိုင်လ နောက်ဆုံးရက်မှ စက်တင်ဘာ ၅ ရက်နေ့ထိ သုံးလကြာ စခန်းသွင်း လေ့ကျင့်လျက် ရှိပြီး နေပြည်တော် အားကစား လေ့ကျင့်ရေး စခန်းတွင်လည်း ကစားသမား ၃၉ ဦးဖြင့် စခန်းသွင်း လေ့ကျင့်လျက် ရှိသည်။

မြန်မာ ပြေးခုန်ပစ် အဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပသည့် တံခွန်စိုက်ဒိုင်း ပြေးခုန်ပစ် ပြိုင်ပွဲတွင် ငွေ တစ်ခု၊ ကြေး သုံးခု ရရှိထားသည်။

The Voice Weekly

No comments:

Post a Comment