ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊
ပြည်မြို့တွင် ယခုမိုးရာသီကာလ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြစ်ကြောင်းတွင်း
ကျောက်စရစ်နှင့် သဲစုပ်ယူရာတွင် ကုန်ကျစရိတ် များပြားနေသောကြောင့် ကျောက်၊ သဲဈေး မြင့်တက်လျက် ရှိကြောင်း ကျောက်စရစ်သဲဒိုင်များထံမှ စုံစမ်းသိရှိရသည်။
ယခင်က ကျောက်တစ်ကျင်း ၁၂၀၀၀ ကျပ်၊ သဲတစ်ကျင်းလျှင် ၈၀၀၀ ကျပ်ရှိရာမှ ယခုအချိန်တွင် မြစ်ရေစီးသန်နေပြီး ကျောက်၊ သဲရှားနေသောကြောင့် မြစ်လယ်ထိ မော်တော်ဖြင့်သွားကာ စက်ဖြင့် စုပ်ထုတ်နေရသဖြင့် လုပ်အားနှင့် စက်သုံးဆီ ကုန်ကျစရိတ်မှာ ပို၍ကုန်ကျလာကာ ကျောက်တစ်ကျင်း ၁၆,၀၀၀ ကျပ် နှင့် သဲတစ်ကျင်း ၁၀,၀၀၀ ကျပ်ဝန်းကျင် ဈေးမြင့်တက်နေရခြင်း ဖြစ်ကြောင်း ကျောက်၊ သဲ ရောင်းချနေသော လုပ်ငန်းရှင်များက ပြောဆိုသည်။
“ကျောက်က ကိုယ်လိုချင်သလို မရဘူး။ ရေစီးသန်တော့လည်း ကျောက်က ရေနက်ပိုင်း ရောက်နေတယ်။ ခါတိုင်း မော်တော်တစ်စီးမှာ အလုပ်သမား လေးယောက်လောက်ပါပေမယ့် ခုချိန်မှာ ခြောက်ယောက်ထိ တိုးထားရတယ်။ ရေအရမ်းစီးနေတော့ လုပ်အားပိုစိုက်ရတာပေါ့” ဟု ကံထူးသဲကျောက် ရောင်းဝယ်ရေးမှ ကိုမင်းဇော်က ဆိုသည်။
ကျောက်၊သဲဈေးနှုန်းများမှာ ပုံမှန်သတ်မှတ်ဈေး မရှိသော်လည်း ပစ္စည်းပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲနေကြောင်း၊ မြို့နယ်အတွင်းသာ ရောင်းချနေရပြီး မြို့ပေါ်တွင် ကျောက်သဲရောင်းချသည့် ဒိုင်သုံးဒိုင်ခန့် ရှိနေကြောင်း ၎င်းကဆက်လက်ဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရသည့် ကျောက်စရစ်နှင့် သဲများကို တူးဖော်ရောင်းချရာတွင် သက်ဆိုင်ရာက သတ်မှတ်ထားသော နေရာတွင်သာ လုပ်ကိုင်ရကြောင်း ကျောက်သဲဒိုင်များထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:
Post a Comment