Monday, August 12, 2013

စည်းကမ်းအတွင်းမှ လွတ်လပ်သည့် မီဒီယာဥပဒေဟု ပြန်ကြားရေးဝန်ကြီးဆို

သတင်းမီဒီယာဥပဒေ၌ အစိုးရဘက်မှ စာနယ်ဇင်းအပေါ်တွင် တိုက်ရိုက်အရေးယူ၍မရဘဲ နစ်နာသည့် ပြည်သူ လူထုတိုင်ကြားမှာသာ အစိုးရက အရေးယူခွင့်ရှိသည့်အတွက် ၎င်းဥပဒေသည် ပြည်သူ၏အကျိုးစီးပွားကို ကာကွယ်သည့် သက်သေသာဓကတစ်ခုသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ရန်ကုန် ပတ်ရိုင်ရယ် ဟိုတယ်၌ စာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။


အောင်မြင်သည့် စာနယ်ဇင်းကောင်စီတစ်ခုအတွက် ၎င်းတို့၏လေ့လာမှုများအရ ထိုက်သင့်သည့် အခွင့်အာဏာနှင့် ငွေကြေးဘဏ္ဍာရေး အပိုင်းများ လိုအပ်ကြောင်းကိုလည်းကြောင်း ၎င်းကဆက်ပြောသည်။

“ ထိန်းချုပ်မှု စည်းကမ်းဆိုတဲ့သဘောထက် အများပြည်သူအကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက် တယ်လို့ ပြောရမှာပါ၊ ပြည်သူတွေအတွက် တတ်နိုင်သမျှ ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာဆိုတဲ့ပုံစံမျိုးနဲ့ မျှမျှတတ ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ မီဒီယာကိုသော်လည်းကောင်း၊ တစ်စုံတစ်ခုကိုသော်လည်းကောင်း ထိန်းချုပ်ခြင်း မဟုတ်ပါဘူး စည်းကမ်းမူ ဘောင်တစ်ရပ် အတွင်းမှာ လွတ်လပ်ခြင်းသာလျှင် ဖြစ်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။

ဥပဒေများရေးဆွဲရာ၌ မည်သူတစ်ဦးတစ်ယောက်အား ထိန်းချုပ်သည့်သဘောမျိုးမဟုတ်ဘဲ ပြည်သူလူထု၏ အကျိုး စီးပွားအတွက် ကာကွယ်စောင့်ရှောက်သည့်သဘောဖြင့်သာ မျှမျှတတရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု၎င်းက ဆိုသည်။

“ လောလောဆယ်က ဆွေးနွေနေတဲ့အချိန်ပဲ ရှိပါသေးတယ် သဘောမတူတဲ့အချက်တွေ ညှိဖို့ ကျန်ပါသေးတယ် ခုချိန်မှာ ကျေနပ်တယ် မကျေနပ်ဘူး မပြောချင်သေးပါဘူး” ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ဥက္ကဌ ဦးခင်မောင်အေးက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေကို ရေးဆွဲရာတွင် သဘောထား မတူညီမှုများရှိနေပြီး စာနယ်ဇင်းကောင်စိမှရေးဆွဲသည့် သတင်းမီဒီယာဥပဒေကြမ်းပါ အချက်အလက်များကို ပြင်ဆင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ဖိအားပေးနေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများထံမှ သိရသည်။

“သတင်းမီဒီယာ လွတ်လပ်ခွင့်က မီဒီယာသမားတွေအတွက် သာမက ပြည်သူလူထုအတွက်ပါ အရေးကြီးပါတယ် သတင်း လွတ်လပ်ခွင့် မရှိရင် သတင်းအချက်အလက်အမှန်ကို သိရမှာ မဟုတ်ဘူး” မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က ပြောသည်။

လွတ်လပ်ခြင်းဆိုသည်မှာ စည်းမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်ဘဲ စည်းကမ်းရှိသည့် သဘောသာဖြစ်သည့်အတွက် ဗိုလ်ချုပ် ပြောခဲ့သည်ကို ပြည်သူများ မှတ်မိမည်ထင်ကြောင်း၊ သို့ပါ၍ မည်သည့်ကိစ္စပင်ဖြစ်စေ စည်းကမ်း မူဘောင်များ ရှိရန် လိုအပ်ကြောင်း ၎င်းစည်းကမ်းများ သည်လည်း ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ရည်ရွယ်၍ သက်မှတ်ပေးရခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကိုအခြေခံ၌ အဆိုပါအခမ်းအနား၌ ထည့်သွင်းပြောကြားခဲ့သည်။

No comments:

Post a Comment