Saturday, August 10, 2013

ကလေးမြို့လမ်းဆုံတွင် ဆိုလာမီးပွိုင့်များ တပ်ဆင်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ယာဉ်ကြော အရှုပ်ထွေးဆုံး နေရာဖြစ်သော လမ်းဆုံမြင်းစီးရုပ် အဝိုင်းပတ်နေရာတွင် ဆိုလာစနစ် မီးပွိုင့်လေးခု တပ်ဆင်သွားမည် ဖြစ်ကြောင်း ကလေးခရိုင်၊ စည်ပင် သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးလင်းထွဋ်က The Voice သို့ ပြောကြားသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ဝန်ကြီးချုပ် ခရီးစဉ်မှာ မြို့လူထုက တင်ပြတဲ့ကိစ္စပါ။ ဒါကို အကောင်အထည် ဖော်တာပါ။ အဓိက ကတော့ ယာဉ်အန္တရာယ် လျော့နည်းစေရေးကို ရည်ရွယ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါလမ်းဆုံတွင် ဆိုလာစနစ် မီးပွိုင့်လေးခု တပ်ဆင်မည်ဖြစ်ပြီး မီးပွိုင့်များ တပ်ဆင်နိုင်ရန်အတွက် မြို့လမ်းဆုံရှိ ဗန္ဓုလ မြင်းစီးကြေးရုပ်ကို ရွှေ့ပြီးမှ လမ်းလေးဖက်လေးတန်တွင် မီးပွိုင့်များ တပ်ဆင်နိုင်မည်ဖြစ်ကာ မီးပွိုင့်တစ်ခုလျှင် ပျမ်းမျှ ကျပ် ၁၂ သိန်းငါးသောင်းခန့် ကုန်ကျနိုင်ကြောင်း ဦးလင်းထွဋ်က ရှင်းပြသည်။

“လမ်းဆုံမြင်းစီးကြေးရုပ်ကို နေရာရွှေ့ဖို့အတွက် ကလေးမြို့တော်ခန်းမထဲမှာ ပြောင်းထားဖို့ စီစဉ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

ကနဦးအနေဖြင့် လမ်းဆုံတွင်သာ မီးပွိုင့်တပ်ဆင်နိုင်မည်ဖြစ်ပြီး အခြားယာဉ်ကြောရှုပ်ထွေးရာ နေရာများတွင်မူ Slow Down များပြုလုပ်ထားကြောင်း ဦးလင်းထွဋ်က ထပ်မံပြောကြားသည်။

ကလေးမြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၅၆ မှု၊ ၂၀၁၂ ခုနှစ်တွင် ယာဉ်တိုက်မှုပေါင်း ၈၇ မှု၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၅၃ မှု ဖြစ်ပွားခဲ့ကြောင်း ကလေးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

ကလေးမြို့ကို စံပြမြို့တစ်မြို့ ဖြစ်စေရန် စစ်ကိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုက်တွန်းထားကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော မြို့မိမြို့ဖများထံမှ သိရသည်။

No comments:

Post a Comment