ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှုများ၊ ဖြေလျော့မှုများ
လမ်းညွှန်ပြောကြား နေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း
အဖွဲ့အစည်းများတွင် အကျင့်ပျက် ခြစားမှု၊ အလေ့အကျင့် စရိုက်လက္ခဏာများ
မပျေက်မပျက် ရှိနေသည်ကို လေ့လာတွေ့ရှိ ရသည်ဟု ပြည်သူ့လွှတ်တော်၊ တရားဥပဒေ
စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာတွင်
ဖော်ပြထားသည်။
သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာကို တင်ပြခဲ့ပြီး အဆိုပါ အစီရင်ခံစာအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကိုလည်း တောင်းခံခဲ့သည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသည် တရာစီးရင်ရေး၊ ဥပဒေစိုးမိုးရေး ဆိုင်ရာများအတွက် ကွင်းဆင်း လေ့လာထားသည့် တွေ့ရှိချက်၊ သုံးသပ်ချက်၊ ဆက်လက်ဆောင်ရွက်မည့် ရည်မှန်းချက်များ ပါဝင်သည့် အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့သည်။
လေ့လာတွေ့ရှိ ချက်များအပေါ် အခြေခံ၍ သုံးသပ်ထားသည့် သုံးသပ်ချက်အပိုင်းတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုက ပြုပြင်မှုများ၊ ဖြေလျော့မှုများ၊ လမ်းညွှန်ပြောကြား နေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက် ခြစားမှုများ၊ မပျောက်မပျက် ရှိနေခြင်းတို့ကို လေ့လာတွေ့ရှိ ရသည်ဟု ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
တရားသူကြီးများ အနေဖြင့် ယိမ်းယိုင်နေသော တရားရေး မဏ္ဍိုင်ကို ပြန်လည် တည့်မတ်နိုင်ရန် ဆောင်ရွက်ရာတွင် အဂတိတရား လေးပါးကင်းစွာဖြင့် ရဲရင့်တည်ကြည်စွာ ဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း ဆုံးဖြတ်ကြရ မည်ဟုလည်း သုံးသပ်ချက် အပိုင်းတွင် ထည့်သွင်းထားသည်။
ယင်းအပြင် ဆက်စပ်ပတ်သက်သည့် တာဝန်ရှိသူများ အားလုံး လာဘ်ပေးလာဘ်ယူ ကင်းရှင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲ ကြရမည် ဖြစ်ကြောင်းနှင့် တရားရုံး လုပ်ထုံးလုပ်နည်းများ ဖြင့်ဖြစ်စေ၊ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများဖြင့် ဖြစ်စေ အရေးယူ ရမည်ဖြစ်ကြောင်း၊ ဥပဒေ အရာရှိများကလည်း တရားရုံးများ၏ လုပ်ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီမညီ စိစစ်ပြီး ပြည်သူများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ မနစ်နာစေရန် အတွက် ဥပဒေနှင့်အညီ အကာအကွယ် ပေးရမည် ဖြစ်ကြောင်း စသည်ဖြင့် သုံးသပ်ချက်များကိုလည်း အစီရင်ခံစာတွင် ထည့်သွင်းကာ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ကော်မတီ အနေဖြင့် ၁၁ လနီးပါး ကြာမြင့်သည်အထိ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ တရားလွှတ်တော်၊ တရားရုံးများအထိ ကွင်းဆင်းကာ အမှုသည်များ၊ သက်သေများကိုပါ တွေ့ဆုံ လေ့လာမှု ပြုခဲ့သည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။
Eleven Media Group

No comments:
Post a Comment