အကျင့်ပျက်ခြစားမှု
တိုက်ဖျက်ရေး ပိုမိုအောင်မြင်နိုင်ရန် အတွက် ပြည်သူ့လွှတ်တော်နှင့်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် လွတ်လပ်သော အကျင့်ပျက်ခြစားမှု
တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်
တာဝန်ယူထားသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သြဂုတ် ၁၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ပထမဆုံး အစီရင်ခံစာကို တင်ပြခဲ့ပြီး အစီရင်ခံစာတွင် အကျင့်ပျက်ခြစားမှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရာတွင် ပိုမိုအောင်မြင်စေရန် လွတ်လပ်သော အဖွဲ့ဖွဲ့သင့်ကြောင်း၊ ၎င်းအဖွဲ့ အနေဖြင့် အစိုးရက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီများဖြင့် ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ဗဟိုကပြုပြင်မှုများ၊ ဖြေလျော့မှုများ လမ်းညွှန်ပြောကြား နေသော်လည်း အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက်ခြစားမှုများ မပျောက်မပျက် ရှိနေခြင်းတို့ကို လေ့လာတွေ့ရှိကြောင်း အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
အစီရင်ခံစာပါ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် အကြံပြုချက် အပိုင်းတွင် ကုလသမဂ္ဂ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သဘောတူညီချက်အရ ပါလီမန်အမတ် များသည်လည်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွင် ၀င်ရောက်ဆောင်ရွက်လျက် ရှိနေကြောင်း၊ ယခုအခါ GOPAC (Global Organization for Parliamentarians Against Corruption) အဖွဲ့ကြီးတွင် အဖွဲ့ဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံ ရှိနေပြီဖြစ်ကြောင်း၊ အလားတူ အရှေ့တောင်အာရှ ပါလီမန်အမတ်များ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့လည်း ပေါ်ပေါက်နေပြီ ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အတွက် မြန်မာနိုင်ငံ အနေဖြင့်လည်း ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် လွတ်လပ်သော အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း၊ အဆိုပါ အဖွဲ့သည် CSO များ၊ NGO များနှင့်လည်းကောင်း၊ အစိုးရက ဖွဲ့စည်းထားသော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီနှင့်လည်းကောင်း ချိတ်ဆက်လုပ်ကိုင်နိုင်လျှင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ပိုမိုအောင်မြင် နိုင်မည်ဖြစ်ကြောင်း အကြံပြုချက်အဖြစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
Eleven Media Group

No comments:
Post a Comment