ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဌာဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၀
ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒုက္ခသည် စခန်းအချို့အား
သွားရောက်ပြီး ဒုက္ခသည်များအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ
ပေးအပ်လှူးဒါန်းခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့သည် မြစ်ကြီးနာမြို့၊ ရှမ်းစုမြောက်ရပ်ကွက် ဇော်ဂျွန်းလမ်းရှိ ၀န်သိုကျောင်းတိုက်တွင် ကျင်းပသည့် ကချင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေကြောင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းပေးအပ်လှူဒါန်းပွဲ ကျင်းပသည့် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဒုက္ခသည်များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက်ဒုတိယသမ္မတနှင့် အဖွဲ့သည် ရန်ပိုင်ကောင်း နှစ်ခြင်းစခန်းနှင့် စိန်လုံးမိုင် ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းကာ ဒုက္ခသည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဒုတိယသမ္မတသည် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက် ဇော်ဂျွန်းလမ်းရှိ ၀န်းသိုကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းထိုင်ဆရာတော် နိုင်ငံတော် သြ၀ါဒစရိယ အဘိဓဇ္ဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသီလ၀ံသအား ဖူးမြော်ကြည်ညှိပြီး လှူဖွယ်ပစ္စည်းများနှင့် ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဒေါက်တာစိုင်းမောက်ခမ်းနှင့် အတူပါလာသည့် မြန်မာ့နိုင်ငံ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှာ သံတမန်များ၊ ဌာနေကိုယ်စားလှယ်များအား မလိခရိပ်သာ ဧည့်ခန်းမတွင် တွေ့ဆုံပြီး ကချင်ပြည်နယ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်၊ မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံနှင့် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိရသည်။
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဖွဲ့ဝင်များအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဘများက ကြိုဆိုခဲ့ကြသည်။ ယခုကဲ့သို့ ဒုတိယသမ္မတ လာရောက်လှူဒါန်းခြင်းအပေါ် ပြည်နယ်ဝန်ကြီးချုပ်က "ပထမဆုံး ဘာသာပေါင်းစုံက ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းတွေကို အချိန်ရသလောက် သွားရောက်ပြီး လိုအပ်တာတွေကို ကူညီထောက်ပံတယ်။ ဒါဟာ ပြည်နယ်သူ ပြည်နယ်သားတွေအတွက် လိုအပ်တာတွေ ဖြည့်ဆည်းပေးလို့ အင်မတန် ကောင်းပါတယ်" ဟု ဆိုသည်။

No comments:
Post a Comment