အမှိုက်မှလျှပ်စစ်ထုတ်လုပ်၍ စက်မှုဇုန်များသို့ ပေးဝေနိုင်ရေး အသင့်ဖြစ်နေ

ရန်ကုန်မြို့တစ်မြို့လုံး
ထွက်ရှိသည့်အမှိုက်များအတွင်းမှ နောက်ဆုံးစွန့်ပစ်သည့်
အမှိုက်များမှထွက်ရှိသည့် ဓာတ်ငွေ့များကိုစုပ်ယူ၍
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပြီး စက်မှုဇုန်များသို့ လျှပ်စစ်ပေးဝေမှုအတွက်
နောက်ဆုံးအဆင့်စိစစ်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“နိုင်ငံတကာက တင်ဒါကုမ္ပဏီပေါင်း ၄၃ ခုထဲကမှ အခုဆိုရင်
နောက်ဆုံးအဆင့်ကိုရောက်နေပြီ ၊အခုတော့ BOT စနစ်နဲ့ ဆောက်ပြီး
သူတို့လည်ပတ်ပြီးမှ ဒီဘက်ကိုလက်လွှဲရမှာပေါ့။ ဒါပေမဲ့
နောက်ပိုင်းသူတို့အနေနဲ့ ဆက်လုပ်သွားမယ်ဆိုလည်း တစ်မျိုးဖြစ်လာနိုင်ပါတယ်”
ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး
ဦးသန်းနိုင်ဦးက ဆိုသည်။
နောက်ဆုံးအဆင့် ရွေးချယ်မှုတွင်
ထားဝယ်ချောင်အမှိုက်ပုံအတွက် ကုမ္ပဏီ ခြောက်ခု နှင့် လှိုင်သာယာမြို့နယ်
ထိန်ပင်အမှိုက်ပုံအတွက် ကုမ္ပဏီ လေးခုကို ရွေးချယ်ထားပြီး
၎င်းတို့တင်ပြထားသည့် တည်ဆောက်မည့် ပုံစံ၊ တန်ဖိုးနှုန်းထားများနှင့်
အသုံးပြုမည့် နည်းပညာ အစရှိသည့် အချက်များကို အခြေခံကာ အသင့် တော်ဆုံး
ကုမ္ပဏီအား ရွေးချယ်သွားမည်ဟု ၄င်းက ဆက်ပြောသည်။
“စီးပွားရေးလုပ်တဲ့သူတွေကတော့ မြတ်မှလုပ်ကြမှာပဲ၊ ဒါပေမယ့်
အသုံးပြုတဲ့သူလည်းအဆင်ပြေမယ်၊ ထုတ်လုပ်ရောင်းချတဲ့သူလည်း အဆင်ပြေမယ်ဆိုတဲ့
နှုန်းထားတစ်မျိုးဖြစ်ဖို့လိုအပ်တယ်”ဟု စက်မှု ကုန်ထုတ်လုပ်မှုအသင်းမှ ဦးမြင့်ဇော်က ဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယခုနှစ် ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်မြို့
မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တွင်
စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဆွေးနွေးပွဲတစ်ရပ်
ပြုလုပ်ခဲ့ကာ စွန့်ပစ်အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက်လည်း ထည့်သွင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“သူတို့တောင်းတဲ့နှုန်းထားက ကိုယ့်ဘာသာကိုယ်မီးစက်မောင်းတဲ့
စရိတ်နဲ့ယှဉ်ရမယ်၊ ကျွန်တော်တို့က စီးပွားရေးလုပ်နေတာဆိုတော့
သက်သာတာကိုရွေးရမှာပဲ”ဟု လှိုင်သာယာမြို့နယ် စက်ရုံပိုင်ရှင်တစ်ဦးက ပြောသည်။
လှိုင်သာယာ ထိန်ပင်အမှိုက်ပုံတွင် အမှိုက်မှထွက်သည့် ဓာတ်ငွေ့ကို စုတ်ယူပြီး
လျှပ်စစ်ဓါတ်အားထုတ်လုပ် သည့်အပြင် CNG ဓါတ်ငွေ့ပါထုတ်လုပ်မည်ဖြစ်သော်လည်း
မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်အမှိုက်ပုံ၌ မြေနေရာအခက်အခဲကြောင့်
မီးရှို့စနစ်ဖြင့်ထွက်ရှိသည့် အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အား
ထုတ်လုပ်သွားရန် စီစဉ်နေကြောင်းကိုလည်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ သိရသည်။
No comments:
Post a Comment