Sunday, August 11, 2013

ဆန်တစ်အိပ် တစ်ထောင်ကျပ် ရက်ပိုင်းအတွင်း ဈေးမြင့်တက်

ပြည်တွင်းဆန်ကြမ်းဈေးမှာ ရက်ပိုင်းအတွင်း တစ်အိတ်လျှင် တစ်ထောင်ကျပ်ခန့် မြင့်တက်သွားကြောင်း ပြည်တွင်းဆန် ကုန်သည်များက ပြောကြားသည်။

ဧည့်မထဆန်ကြမ်း အောက်စ ၁၀၈ ပေါင်တစ်အိတ်လျှင် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့၌ ၁၅,၂၀၀ ကျပ်သာ ရှိသော်လည်း သြဂုတ်လ ၉ ရက်နေ့တွင်မူ တစ်အိတ်လျှင် ၁၆,၂၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ဆန်ကြမ်းတစ်အိတ်လျှင် တစ်ထောင်ကျပ် မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့ ဝါးတန်းဆန် ကုန်စည်ဒိုင် ဆန်ဈေးနှုန်းများအရ သိရသည်။



နယ်စုံမှ ဝင်ရောက်လာသော ပေါ်ဆန်းဈေးသည် သြဂုတ်လ ၅ ရက် နေ့တွင် ၁၀၈ ပေါင် တစ်အိတ်လျှင် ၂၂,၅၀၀ ကျပ်မှ ၂၅,၅၀၀ ကျပ်ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့တွင်မူ တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ် မှ ၂၆,၀၀၀ ကျပ် ဈေးရှိကြောင်း ဝါးတန်း ဆန်ကုန်စည်ဒိုင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုးကြီးရေလျှံမှုများကြောင့် စပါးခင်းများ ရေစိုပျက်စီးပြီး အထွက်နှုန်းကျမည်ဟု ကုန်သည်များ ခန့်မှန်းခြင်း၊ လှောင်လက်ကုန်သည်ကြီးများက ဆန်ဈေး ဆွဲတင်နေခြင်းနှင့် ပြည်ပသို့ တင်ပို့မှု များပြားခြင်းကြောင့် ဆန်ဈေးမြင့်တက်ခြင်း ဖြစ်သည်ဟု ဆန်စပါး ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆန်အထွက်နှုန်းသည် တန်ချိန် ၁၄ သန်းရှိပြီး ပြည်တွင်းစားသုံးမှု ဆန်တန်ချိန် ၁၀ သန်းနှင့် ယခုနှစ်တွင် ပြည်ပတင်ပို့မှု ဆန်တန်ချိန် ၃ သန်းသာ လျာထားရာ ပြည်တွင်းစားသုံးမှု မလုံ လောက်မည်ကို စိုးရိမ်ရန် မလိုကြောင်း သြဂုတ်လ ပထမပတ်အတွင်း အဆိုပါပုဂ္ဂိုလ်က ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

မြန်မာ့ဆန်ကို တရုတ်သို့ အဓိကတင်ပို့နေသည့် မူဆယ်ဈေးကွက်သို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်ပိုင်း သြဂုတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ငါးရက်အတွင်း ဆန်တန်ချိန် ၃,၆၅၂ တန်ကျော်ဝင်ရောက်ခဲ့ကာ တစ်ရက်ပျမ်းမျှ ဆန်အဝင်တန်ချိန် ၇၃၀ ကျော်ရှိကြောင်း မူဆယ်ဆန်စပါး ကုန်စည်ဒိုင်ထံမှ သိရသည်။

“ဆန်ကြမ်းဈေးကတော့ မြင့်လာတယ်။ ပြည်ပကိုပို့တာ များတာရယ်၊ ကုန်သည်ကြီးတွေ ဈေးဆွဲတင်နေတာကြောင့်လည်း ပါတယ်။ ဆန်သစ်ပေါ်ခါနီးမှပဲ ဆန်ဈေးက ကျလိမ့်မယ်” ဟု ဘုရင့်နောင်မှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဇော်ထွန်းက ပြောကြားသည်။

ပြည်တွင်းဆန်ဈေးကို ထိန်းညှိရန်အတွက် ဆန်အိတ်ခြောက်သောင်းကို ပေါက်ဈေးအောက် ၅ ရာခိုင်နှုန်း လျှော့ရောင်းရန် ဝါးတန်းဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်ကုန်သည်ကြီးများက သြဂုတ်လ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၆ ရက်နေ့အထိ ပြည်ပတင်ပို့သည့် ဆန်တန်ချိန် ၂၃၃,၀၀၀ ကျော်ရှိသည်။

No comments:

Post a Comment