Saturday, August 10, 2013

အီဂျစ် ပဋိပက္ခ ဖြေရှင်းရေး အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ ဆက်လက်ကြားဝင် ညှိနှိုင်းပေးမည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်တို့သည် အီဂျစ်နိုင်ငံတွင် ဖြစ်ပွားနေ သည့် နိုင်ငံရေး ပဋိပက္ခအပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိကြောင်းနှင့် အဆိုပါ နိုင်ငံရေး ပဋိပက္ခများ ပြေလည်စေရေးအတွက် ဆက်လက်ကြားဝင် စေ့စပ် ညှိနှိုင်းပေးသွားမည်ဟု ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန် ဖော်ပြခဲ့ကြောင်း သြဂုတ် ၉ ရက် အင်တာနက် သတင်းတစ်ရပ် အရသိရသည်။


အီဂျစ် ပဋိပက္ခနှင့် ပတ်သက် ၍ အနောက်နိုင်ငံတို့၏ သံတမန် ရေးအရ စေ့စပ်ညှိနှိုင်း ပေးမှုသည် ထိရောက်မှု မရှိကြောင်း အီဂျစ်ကြားဖြတ် အစိုးရက ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ ပူးတွဲကြေညာချက် ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။

အီဂျစ် အစိုးရနှင့် အတိုက်အခံ ခေါင်းဆောင်တို့ အနေဖြင့် အန္တရာယ် ကြီးမားသော အခြေအနေမျိုးကို အဆုံးသတ်ပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်မည့် အဖြေတစ်ရပ် မရရှိသေးသည့် အတွက် ၄င်းတို့နှစ်ဦးက စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့သည် အီဂျစ်နိုင်ငံ ပဋိပက္ခများနှင့် ပတ်သက်၍ ၄င်းတို့ ဆောင်ရွက်ပေးနိုင်သည့် မည်သည့်နည်း လမ်းကိုမဆို ကူညီဆောင်ရွက် ပေးရန် အသင့်ရှိကြောင်းနှင့် အီဂျစ်နိုင်ငံ အင်အားတောင့်တင်း လာစေရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ကြွယ်ဝချမ်းသာ စေရေးတို့အတွက် အလေးထား ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု သိရသည်။

No comments:

Post a Comment