Monday, August 12, 2013

ဟုမ္မလင်းတွင် စွန့်ပစ် ပစ္စည်းမှ ဓာတ်ငွေ့ထုတ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဒီဇယ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချလျက် ရှိရာ ဈေးနှုန်း သက်သာသည့် Gasifies (စွန့်ပစ် ပစ္စည်းမှ ဓာတ်ငွေ့ထုတ်ခြင်း) နည်းပညာဖြင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ရောင်းချရန် အစီအစဉ်ရှိကြောင်း မုံရွာမြို့ ရွှေဇေယျာ အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအေးကိုက ပြောကြားသည်။

ယင်းကဲ့သို့ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ခွင့်ပြုချက် တောင်းခံ ထားပြီး ခွင့်ပြုချက် ရရှိပါက ဟုမ္မလင်း ဒေသခံ များသို့ ချပြရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆိုသည်။



ဒီဇယ်ဖြင့် ထုတ်လုပ် ရောင်းချသည့် လျှပ်စစ် ဓာတ်အားခသည် တစ်ယူနစ် လျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချရပြီး Gasifies နည်းပညာဖြင့် ထုတ်လုပ် ရောင်း ချပါက တစ်ယူနစ်လျှင် ၂၅၀ ကျပ်ဖြင့် ရောင်းချနိုင်ကြောင်း ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် အောင်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်လင်းလွင်က ပြောကြားသည်။

“ဒီဇယ်နဲ့ မဟုတ်ဘဲ သစ်တောထွက် စွန့်ပစ် ပစ္စည်းကို လောင်ကျွမ်းစေ ပြီးတော့ ထွက်လာတဲ့ အငွေ့နဲ့ အင်ဂျင်လည်စေတဲ့ နည်းပညာပါ။ ၁ မဂ္ဂါဝပ် ထုတ်လုပ်တဲ့စက်က ကျပ်သိန်းပေါင်း တစ်သောင်း ရှိတယ်” ဟု ၎င်းက ဆိုသည်။

သစ်တို သစ်စများ လွှာစာမှုန့်နှင့် စပါးခွံများကို လောင်ကျွမ်းစေခြင်း ဖြစ်ပြီး ယင်းသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် သစ်ပင် စိုက်ခင်းများ စိုက်ပျိုးသွားရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“Gasifies နည်းပညာနဲ့ ထုတ်လို့ ပတ်ဝန်းကျင်မှာ အနံ့ဆိုးတွေ ထွက်တာ မရှိဘူး။ ဈေး သက်သက် သာသာနဲ့ ထုတ်လုပ် ရောင်းချနိုင်တယ်။ ကုန်ကြမ်း ရရှိမှုပေါ် မူတည်ပြီးတော့ တစ်ယူနစ် ၆၅ ကျပ် ကုန်ကျမှု ရှိတယ်” ဟု ဦးဇော်လင်းလွင်က ဆိုသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေဇေယျာ အများပိုင် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံကာ လျှပ်စစ် ထုတ်လုပ်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်း အောင်မြင်ခဲ့ပါက တိုးချဲ့ အကောင်အထည်ဖော်ရန် အစီအစဉ် ရှိကြောင်း ရွှေဇေယျာ အများပိုင် ကုမ္ပဏီ တာဝန်ရှိသူထံမှ သိရသည်။

ဟုမ္မလင်း မြို့နယ်တွင် လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် တစ်ရက် လျှင် ၁ ဒသမ ၅ မဂ္ဂါဝပ် ရှိသည်ဟု အောင်မြန်မာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်လင်းလွင်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment