မန္တလေးမြို့တော်တွင် ညအချိန် အရက်သောက်၍ ယာဉ်မောင်းသူများကို အရက်မူးတိုင်း ကိရိယာဖြင့် စတင် စစ်ဆေးရာ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်ပြီး အရက် သောက်သုံးသူ နှစ်ဦးကို ငွေဒဏ် အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။
ညအချိန်တွင် ယာဉ်တိုက်မှု လျော့ကျစေရန်အတွက် ယာဉ်မောင်းများကို အရက်မူးတိုင်း ကိရိယာဖြင့် စစ်ဆေးခဲ့ရာ သြဂုတ်လ ၇ ရက်နေ့ ညတွင် ဆိုင်ကယ် ယာဉ်မောင်း တစ်ဦးနှင့် မော်တော်ယာဉ်မောင်း တစ်ဦးသည် သတ်မှတ်နှုန်းထက် ကျော်လွန်၍ အရက် သောက်ထားကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ သိရသည်။
“အရက်ကို လုံးဝ မသောက်ရဘူး မဟုတ်ပါဘူး။ သတ်မှတ်နှုန်း ထက် ကျော်လွန်ပြီး သောက်တဲ့သူတွေ ကို စည်ပင်သာယာ ဥပဒေအရ အရေးယူသွားမှာပါ။ အရက် အလွန်အကျွံ သောက်ထားတဲ့သူဆို သူ့အိမ်ကို ဆက်သွယ်ပြီး အိမ်ကနေ တစ်ယောက်ယောက်က လာခေါ်ပြီး မောင်းခိုင်း တာတွေ လုပ်ရပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အရက် ၀ ဒသမ ၇ ပမာဏထက် ကျော်လွန် သောက်သုံးထားသူများ စစ်ဆေး တွေ့ရှိပါက စည်ပင်သာယာ ဥပဒေအရ ငွေဒဏ် တစ်သောင်းကျပ် မှ သုံးသိန်းကျပ်အထိ ဖြစ်စေ၊ သို့မဟုတ် ထောင်ဒဏ် သုံးလဖြစ်စေ အရေးယူနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မန္တလေးမြို့တော် ညပိုင်း အချိန်တွင် အရက်သောက်ကာ ယာဉ်မောင်းနှင်မှု ကို ဇူလိုင်လ ၂၆ ရက်နေ့မှ စတင် စစ်ဆေးခဲ့ပြီး တစ်လလျှင် လေးကြိမ် ခန့် ရှောင်တခင် စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
The Voice Weekly
No comments:
Post a Comment