မူးယစ်ရောင်းဝယ်သူများနှင့် အပြန်အလှန်ပစ်ခတ်ဖမ်းဆီး တစ်ဦးအသေမိ၊ အဓိကတရားခံတစ်ဦးလွတ်မြောက်နေ
ရန်ကုန်-
မူးယစ်ဆေးဝါးရောင်းဝယ်သူများက ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့်
ပစ်ခတ်သောကြောင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးကိုအသေရမိပြီး
အဓိကတရားခံမှာ လွတ်မြောက်သွားကြောင်း ဘားအံမြို့နယ် ရဲစခန်းမှ
သတင်းရရှိသည်။
သြဂုတ် ၁၁ ရက်က ဘားအံမြို့နယ်
လိုင်ကားကျေးရွာအနောက်ဘက် တောတွင်းရှိနေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး
ရောင်းဝယ်နေသည်ဟူသော သတင်းအရ ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့်
ဝယ်လက်ဟန်ဆောင်၍ စုံစမ်းရှာဖွေစဉ် အိမ်ပိုင်ရှင် ကြာကူး(ခ) မုဆိုးဆိုသူက
M-16သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် ရဲစခန်းမှ
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရဲမှန်းရိပ်မိပြီး စပစ်တာပါ။ အိမ်ထဲမှာ အရောင်းအ၀ယ်လုပ်နေတဲ့သူ
နှစ်ယောက်ရှိနေပြီး တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားပါတယ်။
အဓိကအလိုရှိနေတဲ့ ကြာကူးဆိုသူကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်”ဟု အဆိုပါရဲအရာရှိကပြောသည်။
ကြာကူး(ခ)မုဆိုးဆိုသူသည် ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များက ကျူးလွန်ခဲ့သော
မူးယစ်ဆေးဝါးမှုသုံးမှုဖြင့် ဘားအံမြို့နယ်၊ ရဲစခန်းက အလိုရှိနေသော
တရားခံပြေးတစ်ဦးဖြစ်သည်။ ပစ်ခတ်မှုဖြစ်ပွားရာနေအိမ် မှ M 16
သေနတ်တစ်လက်အပါအ၀င် လုပ်သေနတ်အတို သုံးလက်၊ ပြောင်းရှည်တူမီးသေနတ်
သုံးလက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည် ၁၇ တောင့်နှင့် ကျည်ကတ် နှစ်ခု
သိမ်းဆည်းနိုင်ခဲ့သည်။
ထို့အပြင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀၄၅ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းအချို့ပါ သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါအမှုကို ဘားအံမြို့ နယ်ပိုင် အိန္ဒုရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၁၉ (က)
၂၀(က)/၂၂(ခ)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ထွက်ပြေးလွတ်မြောက်သွားသူ
ကြာကူး(ခ) မုဆိုးကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment