Sunday, August 11, 2013

မန္တလေးဈေးကွက် အသားလုံလောက်စွာ ဖြည့်တင်းနိုင်ဟုဆို

သားသတ်ရုံမှ အသားထုတ်လုပ်မှု လျော့ကျလျက် ရှိသော်လည်း မန္တလေးခရိုင် ဈေးကွက်အတွင်း အသားလုံလောက်အောင် ဖြည့်တင်းပေးနိုင် လျက် ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဈေးနှင့် သားသတ်ဌာန တာဝန်ရှိသူက ပြောကြားသည်။


နွားပွဲဈေးနှင့် အခြားဒေသများမှ ဟင်းစားအတွက် နွားကုန်ကြမ်းများ ရှားပါးခြင်းနှင့် အေးခဲသား လုံးဝခွင့်မပြုခြင်းတို့ကြောင့် သားသတ်ရုံများတွင် အသားထုတ်လုပ်မှု နည်းပါးသွားရခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဇူလိုင်လနောက်ပိုင်းမှစတင်ပြီး သားသတ်ရုံတွင် နေ့စဉ်အကောင်ရေ ၆၀ ခန့်သာ အသားထုတ်လုပ်နိုင်ပြီး အသားစုံ အရိုးရင်းပါ ပိဿာချိန် ၄၀၀၀ မှ ၄၅၀၀ ကြားသာ ထုတ်လုပ်နိုင်တော့ကြောင်း ဈေးနှင့် သားသတ်ဌာနထံမှ သိရသည်။

၂၀၁၂-၂၀၁၃ သားသတ်လိုင်စင် လျှောက်ထားသူများ အနေဖြင့် အေးခဲသား လုံးဝပြုလုပ်ခွင့် မရှိခြင်း၊ အမဲခြောက် ထုတ်လုပ်ခွင့်မပြုခြင်း၊ မန္တလေးခရိုင်အတွက်သာ အသားထုတ်လုပ် ရောင်းချရခြင်းစသော စည်းကမ်းသုံးခုကို ထပ်မံတိုးမြှင့်လိုက်သောကြောင့် ဈေးကွက်အတွင်း အသားလုံလောက်မှု ရှိကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“အေးခဲသားနဲ့ အမဲခြောက်တော့ မလုပ်ပါဘူး။ တစ်ခါတလေ ရောင်းမကုန်တဲ့ အခါတော့ အသားခြောက်လေးဘာလေး လုပ်ထားတာပေါ့။ အများကြီး မဟုတ်ပါဘူး။ တစ်ပတ်လုံးမှ တစ်ပိဿာတောင် မပြည့်ဘူး” ဟု အမဲသား လိုင်စင်ရသူတစ်ဦးက ဆိုသည်။

မန္တလေးမြို့မှ သားသတ်လိုင်စင်များ အနေဖြင့် ၂၀၁၂/၂၀၁၃ လိုင်စင်ကာလမှ စတင်ပြီး အေးခဲသား ပြုလုပ်ခွင့်မရှိသည့်အပြင် အမဲခြောက် ထုတ်လုပ်မှုကို လက်ငုပ်လက်ရင်း လုပ်ကိုင်နေသည့်သူများမှအပ အသစ်ထပ်မံ ခွင့်မပြုတော့ကြောင်း၊ ထုတ်လုပ်ရရှိသည့် အသားများကိုလည်း သားသတ်ဌာနက ရောင်းချရန် ခွင့်ပြုထားသော မန္တလေး ခြောက်မြို့နယ်မှ ဈေးများအတွင်းသာ ရောင်းချရမည် ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် အမဲသားလိုင်စင် ရရှိသူ ၄၄ ဦး၊ ဆိတ်လိုင်စင် ၄၉ ဦး၊ ဝက်လိုင်စင် ၉၅ ဦး ရှိကြောင်း အဆိုပါဌာနစာရင်းများအရ သိရသည်။

မိုးကြိုး (MDY)
The Voice Weekly

No comments:

Post a Comment