Tuesday, August 13, 2013

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး လေ့လာသူများကို ပထမဆုံးခွင့်ပြု

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် လေ့လာ သူများကို လွှတ်တော်သက်တမ်း ထက်ဝက်ကျိုးချိန်မှစ၍ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း လွှတ်တော်ရုံးထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ် လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးများသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ နှစ်ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှစ်ဦး၊ အရပ်ဘက် အဖွဲ့အစည်းများမှ ငါးဦး၊ လယ်သမားတစ်ဦးနှင့် သတင်းဌာနများမှ သုံးဦးတို့ကို လေ့လာရန် ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်

ယင်းသို့ ခွင့်ပြုလိုက်ခြင်းကြောင့် လွှတ်တော်၏ လုပ်ဆောင်ချက်များ ပိုမို ပွင့်လင်းမြင်သာမှု ရှိလာမည်ဖြစ်ပြီး ပြဋ္ဌာန်းနေသော ဥပဒေများနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် ပြည်သူလူထုအတွင်း ပိုမိုပျံ့နှံ့အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တက်ရောက်ရန် ဖိတ်ကြားခြင်း ခံထားရသည့် ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့မှ ထားဝယ် ညှိနှိုင်းရေး မှူး ဦးသန့်ဇင်က ပြောကြားသည်။

နေရာအခက်အခဲကြောင့် အခြားလေ့လာသူများကို မဖိတ်ကြားနိုင်ခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ထုတ်ဖော်ပြောဆိုထားပြီး ယခုအချိန်တွင် လွှတ်တော်အဆောက်အအုံ သီးသန့် ဖြစ်ပြီးနောက် ထိုသို့ ပြင်ပလေ့လာသူနှင့် သတင်းမီဒီယာများကို ဖိတ်ခေါ်လာခြင်း ဖြစ်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

သတ္တမအကြိမ်ပုံမှန် အစည်းအဝေးများကို သြဂုတ်လ ၁၃ ရက်နေ့ ၁၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း လွှတ်တော်ရုံးက သတင်းထုတ်ပြန်ထားသည်။

လွှတ်တော်သက်တမ်းကာလအတွင်း အရေးတကြီး ဥပဒေပြုရန် လိုအပ်နေသော ကဏ္ဍများမှာ ပုဂ္ဂလိကရေယာဉ် ပြေးဆွဲရေး၊ ကုန်တင်ကုန်ချ၊ မော်တော်ယာဉ်လိုင်း၊ အသေးစား၊ အလတ်စား လျှပ်စစ်လုပ်ငန်း စသည်တို့ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောဆိုထားသည်။

လွှတ်တော်သက်တမ်းကာလအတွင်း စည်ပင်သာယာရေး ဥပဒေ အပါအဝင် ဥပဒေ ၁၂ ခု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း လွှတ်တော်ရုံးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment