
ယခုဘဏ္ဍာရေးနှစ် လေးလအတွင်း နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး တစ်ဖက်နိုင်ငံများသို့ ပို့ကုန်တင်ပို့မှု ပိုမိုပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ပို့ကုန် အမေရိကန်ဒေါ်လာ ၇၄၀ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၅၈၈ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကာ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ရှိပြီး ယခင်နှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁၃၉ သန်းကျော်ဖိုး ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။
နယ်စပ်တစ်လျှောက် တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၄ ခုရှိပြီး မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိပြီး တရုတ်နိုင်ငံ ဘက်သို့ လယ်ယာထွက်ကုန် ပစ္စည်းများ အများဆုံး တင်ပိုနေသည့် ကုန်သွယ်ရေး စခန်းတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်မှ ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံတွင်းသို့ မှောင်ခိုလမ်းကြောင်း များမှတစ်ဆင့် တန်ဖိုးနည်း စားသောက်ကုန်နှင့် အခြား ကုန်ပစ္စည်းများ ၀င်ရောက်မှု အများဆုံးလည်း ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်၍ နယ်စပ်တစ်လျှောက် တရားမ၀င် မှောင်ခိုကုန်သွယ် နေမှုများအား ဖမ်းဆီးရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် Mobile Team များဖွဲ့၍ ဖမ်းဆီးလျက်ရှိရာ ယခုအခါ ပင်လယ်ရေကြောင်း ကုန်သွယ်မှုကိုလည်း စစ်ဆေးမှုများ ပြုလုပ်လာကြောင်း သိရသည်။
နယ်စပ်စခန်း အသီးသီးတွင် ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားမ၀င် ကုန်သွယ်မှု မရှိစေရန်နှင့် လျင်မြန်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိရာ တရားဝင် ကုန်သွယ်မှုတန်ဖိုး အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment