Sunday, August 11, 2013

မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်းများကို မိတ္ထီလာ မီးနင်းပွဲတော်တွင် ဟိန္ဒူ ဘုရားကျောင်းက ဆွမ်းလောင်းမည်

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ရတနာမာန်အောင် ရပ်ကွက်တွင် ဟိန္ဒူ ဘာသာဝင်များ ကိုးကွယ်သော စရီမူသူး မာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း မီးနင်း ပွဲတော်တွင် အဆိုပါဘုရားကျောင်းမှ ဟိန္ဒူဘာသာဝင်များက မြို့လုံးကျွတ် ဗုဒ္ဓဘာသာ ရဟန်း သံဃာများကို ဆွမ်းလောင်း လှူမည် ဖြစ်ကြောင်း အဆိုပါ ဘုရားကျောင်း ဘဏ္ဍာရေးမှူး ဦးဘိုဘိုက ပြောကြားသည်။ စရီမူသူးမာရီယမ္မာန် မယ်တော်ကြီး ဘုရားကျောင်း မီးနင်းပွဲတော် စတင်မည့် သြဂုတ်လ ၉ ရက်နေ့တွင် မိတ္ထီလာမြို့ရှိ သံဃာ ၁၀၈ ပါးကို ဆွမ်းကပ်မည ဖြစ်ကြောင်း၊ ပွဲတော်ကျင်းပသည့် တတိယမြောက်နေ့တွင် မြို့လုံးကျွတ် သံဃာတော်များကို ဆွမ်းလောင်းလှူသွားမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ မီးနင်းပွဲတော်ကို သြဂုတ် လ ၉ ရက်နေ့မှ သြဂုတ်လ ၁၂ ရက်နေ့ထိ လေးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ပွဲတော် နောက်ဆုံးရက်တွင် ဒါးတက်ပွဲတော်နှင့် မီးနင်းပွဲတော်ကြီးကို ကျင်းပမည်ဖြစ်ရာ မြန်မာတစ်ဝန်းရှိ ဟိန္ဒူဘာသာဝင် ၂၀၀ ခန့် ပါဝင် ဆင်နွှဲကြမည်ဟု ဦးမြင့်သိန်းက ရှင်းပြသည်။ “ခုနစ်ရက် ဥပုသ်စောင့် ထားတယ်။ ဖိနပ် မစီးရဘူး။ သက်သတ် လွတ်စားရတယ်။ မသန့်ရှင်းတဲ့အိမ် မသွားရဘူး။ ပုတီးစိပ်၊ တရားထိုင်ရတယ်။ ဆာမိတွေက လိုအပ်တာတွေ ပြင်ဆင်ပေး ပါတယ်” ဟု ပွဲတော်တွင် မီးနင်းရန် ပြင်ဆင်နေသော ဦးနိုင်နားက ရှင်းပြသည်။
အဆိုပါ ပွဲတော် လှည့်လည်ချိန်နှင့် မီးနင်းပွဲတော် ကျင်းပချိန်များတွင် မိတ္ထီလာမြို့တွင်းသို့ ဖြတ်သွားသော ရန်ကုန်-မန္တလေး လမ်းမကြီးကိုပင် ပိတ်ထားရသည် အထိ ပါဝင်ဆင်နွှဲသူများနှင့် လေ့လာကြည့်ရှု သူများ စည်ကားလျက် ရှိကြောင်း မိတ္ထီလာမြို့ဒေသခံများက ဆိုသည်။ “မီးနင်းတဲ့အခါ အပူရှိန်က လူကိုလာဟပ်တဲ့ အသိတော့ ရှိနေပါတယ်၊ ပြီးရင် နို့၊ ကောက်ရိုးနဲ့ အဓိဋ္ဌာန်ပစ္စည်းပါတဲ့ ကန်ထဲမှာ ခြေချရပါတယ်။ အဓိဋ္ဌာန်ကြောင့် ခြေထောက်လောင်ကျွမ်းတာတွေ ဒဏ်ရာအနာတရ ဖြစ်တာတွေ မရှိပါဘူး” ဟု နှစ်စဉ် မီးနင်းခဲ့သော ဦးမြင့်သိန်းက ရှင်းပြသည်။ မိတ္ထီလာမြို့တွင် ပြီးခဲ့သည့် မတ်လအတွင်းက ပဋိပက္ခ ဖြစ်ပွားခဲ့သော်လည်း ယခုအခြေအနေ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဘာသာရေး အခမ်းအနားများ ကျင်းပခွင့် ပြုထားကြောင်း သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များထံမှ စုံစမ်းသိရှိရသည်။

BY THE VOICE JOURNAL

No comments:

Post a Comment