လက်ရှိ ဆွေးနွေးနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းပိုပြီး ပီပြင်လာစေရေး အတွက် ကြိုးစားပေးရန်
ကချင်လူထုအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက
တိုက်တွန်းလိုက်ကြောင်း သြ ဂုတ် ၁၂ ရက် ညပိုင်းက အစိုးရပိုင် သတင်းဌာန၏
သတင်းအစီအစဉ်တွင် ဖော်ပြချက်အရ သိရသည်။
သြဂုတ် ၁၂ ရက် နံနက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပခဲ့သည့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်သော ပြည်ထောင်စု အစိုးရအဖွဲ့နှင့် မြစ်ကြီးနား မြို့မိမြို့ဖများ တွေ့ဆုံသည့် အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
ဒေါက်တာစိုင်းမောက်ခမ်းက ''ပြည်ထောင်စု အစိုးရအဖွဲ့ ကချင်ပြည်နယ်ကို ရောက်ရှိလာခြင်းမှာ ပဋိပက္ခများ၏ နောက်ဆက်တွဲ ကိစ္စအ၀၀ကို တတ်နိုင်သလောက် ဖြေရှင်းပေးနိုင်အောင် လာရောက်ခြင်း ဖြစ်ကြောင်း၊ တချို့ချက်ချင်း ဆုံးဖြတ်ပေးနိုင်သည့် ကိစ္စရပ်များ ရှိသကဲ့သို့ တချို့ကိစ္စကို နေပြည်တော် ပြန်ရောက် ဆွေးနွေးပြီးမှ ဆုံးဖြတ်နိုင်မှာဖြစ်ပြီး တချို့ကိစ္စမှာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါမှ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း၊ စားဝတ်နေရေး ကိစ္စများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကူညီ ပေးသွားမည်'' ဟု ပြောကြားသည်။
''လက်ရှိဆွေးနွေးနေသည့် ငြိမ်းချမ်းရေးလမ်းစဉ် ပိုပြီးပီပြင်လာစေရေး၊ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ပြီး ရှေ့လျှောက်ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားကြရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုက်တွန်း ပြောကြားခဲ့သည်'' ဟု အစိုးရ သတင်းဌာန၏ သတင်းအစီအစဉ်တွင် ဖော်ပြခဲ့သည်။
ထို့ပြင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆီ ဦးတည်ပြီး ရှေ့လျှောက် ဆက်လက်ကြိုး ပမ်း ဆောင်ရွက်သွားကြရန်လည်း ကချင်ပြည်နယ် မြို့မိမြို့ဖများကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက တိုက်တွန်း ပြောကြားခဲ့သည်။
လက်ရှိ ကချင်ပြည်နယ်တွင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ငြိမ်းချမ်းရောင်ခြည် သန်းနေပြီဟု ဆိုနိုင်ကြောင်း၊ ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေပြီ ဆိုရုံဖြင့် မပြီးပြတ်သေးဘဲ ထာဝစဉ် ငြိမ်းချမ်းသည့် အခြေအနေ ရောက်ရှိအောင် သာယာလှပသည့် ကချင်ပြည်နယ်အဖြစ် ပြန်ရောက်နိုင်အောင် အားလုံးဆက်လက် ကြိုးစားရန် လိုအပ်ကြောင်း၊ အပေးအယူ အလျှော့အတင်း လုပ်ရန်လိုကြောင်း၊ စိတ်ကူးယဉ်ခြင်း မဟုတ်ဘဲ လက်တွေ့ အခြေအနေအမှန်ကို လက်ခံနိုင်ဖို့လိုကြောင်း ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။
Eleven Media Group

No comments:
Post a Comment