ဘင်္ဂါလီဒုက္ခသည် ၁,၀၀၀ ခန့်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား”

စစ်တွေမြို့ အုန်းတောကြီးဒုက္ခသည်စခန်းအနီးတွင်
တာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီလူမျိုး
တစ်ထောင်ခန့်က အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားသောကြောင့်
သေနက်ဖောက်လူစုခွဲခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊
သတင်းရရှိသည်။
သြဂုတ်လ (၉) ရက် နံနက်ပိုင်းက
အုန်းတောကြီးစခန်းအနီးတွင် ဘင်္ဂါလီအမျိုးသမီးတစ်ဦး၏ အလောင်းကို
တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင် (၃၀) ခန့် သွားရောက်စစ်ဆေးပြီး အလောင်းအား
ဆေးရုံသို့ သယ်ယူရာတွင် ဘင်္ဂါလီလူမျိုး တစ်ထောင်ခန့်က လူစု လူဝေးဖြင့်
ယင်းအလောင်းကိုပေးရန် တောင်းဆိုခဲ့သည်။
လူစုခွဲရန်
သတိပေးပြောကြားသော်လည်း မရ၍ မိုးပေါ်ထောင်ပစ်ခဲ့သော်လည်း လူစုမခွဲဘဲ
အကြမ်းဖက်ရန် ကြိုးစားလာမှုကြောင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်ဟု
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။
“ဒဏ်ရာက ပေါင်၊ ခြေသလုံးတွေမှာ ခြောက်ပစ်တာ မစိုးရိမ်ရပါဘူး။ လူစုခွဲဖို့ ဘယ်လိုမှပြောတာမရလို့” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ဘင်္ဂါလီလူမျိုးများက အုန်းတောကြီးစခန်းရှိ န.စ.က ရုံးဟောင်းကိုလည်း
မီးရှို့ဖျက်ဆီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကားများကိုလည်း
ခဲများဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့်
ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အဆောင်လေးဆောင် မီးရှို့ခံရတယ်။
လုံထိန်းကားကိုလည်း ခဲတွေနဲ့ ဝိုင်းပေါက်ကြတာ ဘောဒူဗနားက
စစ်တပ်ချထားတဲ့နေရာကို မောင်းရတယ်။” ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယင်းဖြစ်စဉ်ပြီးနောက် အုန်းတောကြီးသို့ သွားသည့် ကားလမ်းမကို
ဘင်္ဂါလီလူမျိုးများက သစ်ပင်များခုတ်လှဲ ကျင်းများတူး၍ ပိတ်ထားသောကြောင့်
လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ သြဂုတ်လ (၉) ရက် ည (၈) နာရီကျော်အထိ
ပြန်ထွက်မရဘဲ ပိတ်မိနေကြောင်း သတင်းရရှိသည်။
“ခရိုင်မှူးအပါအဝင်
သုံးလေးဆယ်လောက် ပိတ်မိနေတယ်။ ကျွန်တော်တို့လည်း အထဲကိုဝင်မရသေးတော့ အပြင်က
စောင့်ကြည့်နေပါတယ်။” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတစ်ချို့မှ အုန်းတောကြီးစခန်းသို့ဝင်ရောက်၍ ညှိနှိုင်းနေကြောင်းလည်း ထပ်မံ သတင်းရရှိသည်။
ယင်းကိစ္စကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ
“အလောင်းသွားယူတဲ့အဖွဲ့က ရဲလုပ်ထုံးလုပ်နည်းနဲ့ လုပ်တာကို ဝိုင်းရန်ပြုတာ
အသေးစိတ်မသိရသေးဘူး အဖွဲ့တွေလည်း လိုက်သွားနေဆဲပါဟု” ဟု ပြန်လည်ဖြေကြားသည်။
ယခုကဲ့သို့ ဘင်္ဂါလီလူမျိုးများက တာဝန်ရှိသူများကို မကြာခဏ
ရန်ရှာဖွေနေခြင်းသည် ဒေသဖွံ့ဖြိုးတည်ငြိမ်ရေးကို ထိခိုက်စေနိုင်၍
နိုင်ငံတကာမှ အမှန်အတိုင်း သိရန်လိုအပ်သည်ဟု
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက သုံးသပ်သည်။
ယခုဖြစ်စဉ်သည် မကြာမီ လာရောက်မည့် ကုလသမဂ္ဂမြန်မာနိုင်ငံ ဆိုင်ရာ
လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ကင်တားနား ခရီးစဉ်မတိုင်မီ နှစ်ရက်အလိုတွင်
ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ကင်တားနားသည် မြန်မာနိုင်ငံသို့ သြဂုတ် ၁၁
မှ ၂၁ ရက်ထိလာရောက်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။
ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့်
တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဘင်္ဂါလီခေါင်းဆောင်များနှင့်
တွေ့ဆုံ၍ အခြေအနေ ထိန်းသိမ်းနိုင်ရန် ဆွေးနွေးနေသည်ဟု နောက်ဆုံး
သတင်းရရှိသည်။ စစ်တွေမြို့နှင့် ငါးမိုင်ခန့်ဝေးသော
သဲချောင်းအနီးတစ်ဝိုက်တွင်ရှိသော ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သိန်းခန့် ရှိသည်။
No comments:
Post a Comment