Monday, August 12, 2013

သားသတ်နွား ရှားပါးမှုကြောင့် မွန်တွင် အမဲသားဈေးနှစ်ဆတက်

သားသတ်နွားရှားပါး သိသာလာမှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် မြို့နယ်အချို့တွင် အမဲသားဈေး နှစ်ဆခန့် မြင့်တက်သွားကြောင်း မွန်ပြည်နယ်ရှိ အသား၊ ငါးဈေးများမှ စုံစမ်းသိရှိရသည်။

အမဲသားဈေးနှုန်းမှာ ဇူလိုင်လ နောက်ဆုံးပတ်တွင်ကျပ် ၄၅၀၀ ဝန်းကျင်သာ ရှိသော်လည်း ယခုရက်ပိုင်း အတွင်းတွင် ကျပ် ၉,၀၀၀ ထိ မြင့်တက် လာကြောင်း မော်လမြိုင်မြို့နယ်မှ အမဲသား ရောင်းချသူများက ပြောကြားသည်။

သားသတ်နွား ရှားပါးလားခြင်းနှင့် ထိုင်းနိုင်ငံသို့ မှောင်ခိုနွား တင်ပို့မှု မြင့်တက်ခြင်းကြောင့် ယင်းသို့ ဈေးတက်လာခြင်း ဖြစ်ကြောင်း အမဲသား သားသတ်လိုင်စင် ရရှိထားသူအချို့က ပြောကြားသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ အပါအဝင် မြို့နယ် ၁၀ မြို့နယ်တွင် သားသတ်လိုင်စင် လုပ်ပိုင်ခွင့်ကို တစ်မြို့လျှင်တစ်ဦးသာ လုပ်ပိုင်ခွင့် ချထားပေးခြင်းကြောင့်လည်း ယင်းသို့ဈေးတက် လာခြင်း ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် လှိုင်ဈေးမှ အမဲသား ရောင်းချသူတစ်ဦးက ပြောကြားသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် သြဂုတ်လ ပထမအပတ်မှ စတင်ကာ အမဲသား ဈေးနှုန်းနှစ်ဆခန့် မြင့်တက်လာခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment