အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး
သဘောတူညီချက် လက်မှတ် ရေးထိုးထား သော မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင် ကိုးဦးမှာ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရဆဲ ရှိနေသေးကြောင်း အဆိုပါအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးမှု အပြီး သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုများအရ ABSDF မှ နိုင်ငံရေး အကျဉ်းသား ၃၆ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုပြီး ဖြစ်သော်လည်း ကိုးဦး ကျန်ရှိနေသေးကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါ အကျဉ်းထောင်များတွင် ကျန်ရှိနေသော ABSDF နိုင်ငံရေး အကျဉ်းသား ကိုးဦးသည် နိုင်ငံတော် လုပ်ကြံမှု၊ မတရားအသင်း အက်ဥပဒေ စသည့် အမှုများဖြင့် အကျဉ်းကျနေခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ABSDF အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲတွင် ABSDF ကို မတရား အသင်းမှ ပယ်ဖျက်ပေးရန် အချက် အပါအဝင် အခြား အချက် ၁၂ ချက်ကို ပဏာမအဆင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ တပ်မတော် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲများတွင် ၆၇၀ ဦး ကျဆုံးကာ ၄၁၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ အဖွဲ့ ထုတ်ပြန်ချက်များအရ သိရသည်။
ဟိန်းသွင်ထက်
The Voice Weekly

No comments:
Post a Comment