ရန်ကုန်၊ သြဂုတ် ၉
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုအပြီး ငါးရက်အကြာ သြဂုတ်လ ၁၀ ရက်နေ့ (ယနေ့) တွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် အပြီးသတ်လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးစင်တာ အဖွဲ့ဝင် ဦးညိုအုန်းမြင့်က ပြောကြားသည်။
ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အရ နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့များ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲနိုင်ရန် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်သည်။
“နောက်ဆုံး လက်မှတ်ထိုးတဲ့ပွဲမှာ နှစ်ဖက်ပါဝင်တဲ့သူအားလုံး ဆွေးနွေးမှာ၊ တစ်ရက်နဲ့ မပြတ်ရင်လည်း နှစ်ရက်ကြာမယ်” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲအတွက် ABSDF မှအချက် ၁၂ ချက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီထံ ကြိုတင်ပေးပို့ထားပြီး ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ABSDF က ထုတ်ပြန်သည်။
ယင်းဆက်ဆံရေးရုံးများကို ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာနယ်စပ်နှင့် တရုတ်-မြန်မာနယ်စပ်တို့တွင် ဖွင့်လှစ်ရန် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ABSDF တို့ သဘောတူညီထားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။
ABSDF ၏ ရဲဘော်တစ်ဦးက“ရန်ကုန်မှာလည်း နာမည်တစ်မျိုးမျိုးနဲ့ ရုံးခွဲဖွင့်ဖို့ ပြင်နေပါတယ်” ဟု ဆိုသည်။
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ABSDF တို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးတွင် အချက်လေးချက် သဘောတူညီခဲ့ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေး ဆွေးနွေးနိုင်ရန်အတွက် ABSDF နှင့် အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်များ ပဋိပက္ခနှင့် တိုက်ပွဲများ မဖြစ်ပွားစေရန် ထိန်းသိမ်းရေး ဆောင်ရွက်ရေး၊ ABSDF အဖွဲ့ဝင်များ တည်ဆဲဥပဒေအရ ပြည်ထောင်စုအတွင်း သွားလာခွင့်ပြုရေးနှင့် ABSDF ကတင်ပြသော နိုင်ငံရေးဆိုင်ရာများ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတို့တွင် ဆက်လက်ဆွေးရေးတို့ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
The Voice Weekly

No comments:
Post a Comment